ရန်းဂနစ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပြ ဿနာ တွေကို ထုတ်ပြောလိုက်တဲ့ လီဗာပူး ဂန္တဝင်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့ပြီးနောက် ယာယီ နည်းပြအဖြစ် မိုက်ကယ် ကာရစ်ကို ခေတ္တ ခန့်အပ်ခဲ့ပြီး နောက်ပိုင်းမှာ ရဲ့လ်ဖ် ရန်းဂနစ် ကို 6 လတာ ယာယီ နည်းပြ အဖြစ် ဆက်လက် ခန့်အပ်ခဲ့ပါတယ် ။

ရန်းဂနစ်ဟာ ယူနိုက်တက် အသင်းကို ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်မှာပဲ ခရစ္စတယ် ပဲလေ့စ် အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရရှိအောင် လုပ်ဆောင်ပေးထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် သူဟာ ယူနိုက်တက် နည်းပြ ဘဝ အစမှာ အဖွင့်လှသွားခဲ့ရပါတယ် ။

ဒါပေမဲ့ ရန်းဂနစ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို 6 လသာ နည်းပြ အဖြစ် ကိုင်တွယ်သွားဖို့ ရှိနေပါတယ် ။ အဲ့တာပြီးရင်တော့ သူဟာ အသင်းရဲ့ အကြံပေး ပုဂ္ဂိုလ် အဖြစ် 2 နှစ်တာ ဆက်လက် တာဝန် ထမ်းဆောင် သွားမှာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဒီကာလအတွင်း ယူနိုက်တက်တို့ ကြုံတွေ့ရနိုင်ဖွယ် ရှိနေတဲ့ ပြသနာ တစ်ခုက နည်းပြ ရန်းဂနစ်သာ ရလဒ်ကောင်းတွေ ဆက်တိုက် ယူပြသွားနိုင်ခဲ့ရင် သူ့ကိုပဲ ဆက်လက်ပြီး နည်းပြအဖြစ် ခန့်အပ်သွားမလား ၊ ဒါမှမဟုတ် ကြိုတင် သဘောတူညီထားတာကို အကောင်အထည် ဖော်မလား ဆိုတာပါပဲ ။

အကယ်လို့ ယူနိုက်တက်တို့သာ ရန်းဂနစ်ကို အကြံပေး အဖြစ် ထားမယ်ဆိုရင် အသင်းကို ဘယ်သူက ဆက်လက် ကိုင်တွယ်သွားမလဲဆိုလဲ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရ ပါတယ် ။ လက်ရှိ အချိန်မှာတော့ PSG နည်းပြ မော်ရီစီယို ပိုချက်တီနိုကပဲ ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေခဲ့ပါတယ် ။

ဒါပေမဲ့ လီဗာပူး ဂန္တဝင် ကင်နီ ဒဲလ်ဂလစ်ရှ် ကတော့ အထက်ပါ ကိစ္စနှစ်ခုအကြောင်း ထုတ်ပြောရင်း ဒီရာသီကြီး ကုန်ဆုံးသွားတဲ့အခါ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြသနာ တစ်ခု (သို့) နှစ်ခုလောက် ကြုံတွေ့ သွားနိုင်ဖွယ် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ် ။

 

” အကယ်လို့ ရဲ့လ်ဖ်သာ အောင်မြင်ခဲ့မယ်ဆိုရင် သူ့ကို နွေမှာ နည်းပြ ရာထူးကနေ ဖယ်ခိုင်းလိုက်ပြီး အကြံပေး အဖြစ် ခန့်အပ်လိုက်ခြင်းက တကယ်ရော ဉာဏ်ကောင်းခြင်း ဖြစ်သွားမှာလား ? အခု ယူနိုက်တက်တို့ လုပ်ပုံကို ကြည့်နေရတာက ကြိုတင် အစီအစဉ်ချထားတာ ရှိနေသလိုပါပဲ ”

” ဘာဖြစ်လို့လဲဆိုတော့ ရဲ့လ်ဖ် ဟာ လက်ရှိရာသီ အကုန်မှာ နည်းပြ ရာထူးကနေ နှုတ်ထွက်သွားလိမ့်မယ်လို့ အားလုံံး အပိုင်တွက်ထားကြလို့ပါပဲ ။ ဒီအဖြစ်အပျက်ကို ပြင်ပ ကနေ ကြည့်လိုက်မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြသစ် ဘယ်သူ့ကို ခန့်မလဲဆိုတာက ကြိုတင် ကြံရွယ်ထားသလိုပါပဲ ”

” ဒါပေမဲ့ အဲ့ဒီလို ကြံရွယ်ထားရင်တောင်မှ ယူနိုက်တက် နည်းပြသစ် ဖြစ်လာမဲ့သူက ရဲ့လ်ဖ် နဲ့ အဆင်ပြေသူ ဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ဒါပေမဲ့ နည်းပြသစ် ရောက်လာမယ် ၊ ရလဒ်တွေ မကောင်းဘူးဆိုရင် သူနဲ့ ရဲ့လ်ဖ် တို့ ဆက်နွယ်နေတာမျိုး ခင်ဗျားတို့ လိုချင်မလား ? ”

” အကယ်လို့ သူဟာ ကောင်းကောင်း လုပ်ပြနိုင်ခဲ့မယ်ဆိုရင်လည်း ခင်ဗျားတို့ဟာ အောင်မြင်တဲ့ ရက်စွဲတွေ ပိုင်နိုင်မလားဆိုပြီး စွန့်စားမှုတွေ ဆက်လက်ကြုံတွေ့ရပါလိမ့်ဦးမယ် ။ ဒါ့ကြောင့် ရှေ့ဆက်ပြီး ဘယ်လိုပဲ ဖြစ်လာပါစေဦး ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြသနာ တစ်ခုကိုတော့ သေချာပေါက် ကြုံရဦးမှာပါပဲ ”

” ဘယ်လိုပဲ ဖြစ်နေပါစေ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိတဲ့သူက ကျွန်တော့်ထက်ပိုပြီး ဉာဏ်ကောင်းမှာ သေချာပါတယ် ။ ဘာကို လိုအပ်သလဲ ၊ ဘယ်သူနဲ့ ဖြည့်စွက်ရမလဲ ဆိုတာကို သူတို့တွေ ကောင်းကောင်း သိကြမှာပါ ” လို့ ဒဲလ်ဂလစ်ရှ် က သုံးသပ် ပြောကြား သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar