ရစ်ချာလီဆန် ၊ ဂရေး ၊ မိုက်ဒင်း …. အဲဗာတန် ၂-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ရဲ့ နောက်ဆုံး ပွဲမှာတော့ အိမ်ရှင် အဲဗာတန် အသင်းဟာ အာဆင်နယ် အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ အနိုင်ယူ သွားခဲ့ပြီး ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့် နိုင်ခဲ့ပါတယ် ။

ဒီနေ့ ပွဲမှာ အိမ်ရှင် အဲဗာတန် အသင်းမှာ နောက်ခံလူ မီနာ ပြန်လည် ပါဝင် လာခဲ့ပြီး ဒစ်ဂ်နီ ဒဏ်ရာ ရနေတာကြောင့် ဂေါ့ဖရေး က ဘယ်နောက်ခံလူ အဖြစ် ပွဲထွက် ကစားခဲ့ကာ ဂေါ်ဒွန်လည်း ပါဝင် လာခဲ့ပါတယ် ။ ကျန်နေရာတွေကိုတော့ ပုံမှန် ပွဲထွက်နေကြ လူစာရင်း အတိုင်းပဲ ပွဲထွက် လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းကတော့ မန်ယူနိုက်တက် နဲ့ ပွဲက လူစာရင်းကို လေးနေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး တီယာနေး ပြန်လည် ပါဝင်လာခဲ့ပြီး ရှာကာ ဟာလည်း ပွဲထွက် လူစာရင်းမှာ အံ့ဖွယ် ပြန်လည် ပါဝင် လာခဲ့ပါတယ် ။

ဒါ့အပြင် အာတီတာဟာ ပုံစံကောင်းပျောက်နေတဲ့ အူဘာမီယန်း ကို အရန်ခုံပို့ခဲ့ပြီး လာကာဇက် ကို ဦးဆောင် ကစား စေခဲ့ပါတယ် ။ ပုံမှန် ပွဲထွက် နေကြ စမစ်ရို ကတော့ လူစာရင်းမှာတောင် ပါဝင် ခဲ့ခြင်း မရှိဘဲ သူ့နေရာကို ဆာကာ ဝင်ရောက် ကစားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်း ပြီးခါနီးမှာ သွင်းယူခဲ့တဲ့ အိုဒီဂွါဒ် ရဲ့ သွင်းဂိုးကြောင့် ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပြီးခါနီးမှာ အဲဗာတန် အသင်း က ချေပဂိုး နဲ့ အနိုင်ဂိုးတွေ ပြန်သွင်းယူပြီး အိမ်ကွင်းမှာ အဖိုးတန် သုံးမှတ် ရယူ သွားခဲ့တာပါ ။ အဲဗာတန် အတွက် ဂိုးတွေကိုတော့ ရစ်ချာလီဆန် နဲ့ ဂရေး တို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

အဲဗာတန် ၂-၁ အာဆင်နယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ ချက်ကို စုစည်း ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ ၃ ဂိုးသွင်းပေမယ့် တစ်ဂိုးသာ ရခဲ့တဲ့ MOTM ဆုရှင်

ဒီနေ့ အဲဗာတန် အသင်း ရဲ့ နိုင်ပွဲမှာ အဓိက ကျခဲ့တဲ့ ကစားသမား က ဘရာဇီး တိုက်စစ် ကစားသမား ရစ်ချာလီဆန် ပါ ။ ရစ်ချာလီဆန် ဟာ အသင်း နိုင်ပွဲ ရရှိဖို့ အစွမ်းကုန် ကြိုးစား ကစားခဲ့ပြီး အာဆင်နယ် ဘက်ကို သွင်းဂိုး ၃ ဂိုး အထိ သွင်း နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ပထမ နှစ်ဂိုး ကို VAR က လူကျွံဘော အဖြစ် သတ်မှတ်ပြီး ပယ်ဖျက် ခဲ့ပါတယ် ။

နောက်ဆုံး ခေါင်းတိုက်ဂိုး ကျမှပဲ အဲဗာတန် အသင်း အတွက် အဖိုးတန် ချေပဂိုး ဖြစ်သွားခဲ့ရတာပါ ။ ရစ်ချာလီဆန် ဟာ အာဆင်နယ် နဲ့ ပွဲမှာ ဘောလုံးထိချက် ၄၇ ကြိမ် ၊ ဘောလုံးယှဉ်လုရာမှာ အသာရမှု ၈ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံး ထိချက် ၆ ကြိမ် ၊ အခွင့်အရေး ဖန်တီးနိုင်မှု ၄ ကြိမ် ၊ ပြိုင်ဘက် ကို လိမ်ခေါက် ကျော်ဖြတ်နိုင်မှု ၃ ကြိမ် ၊ ဘောလုံး ဖျက်ထုတ်မှု ၃ ကြိမ် ၊ ပြစ်ဒဏ်ဘော ရရှိမှု ၂ ကြိမ် အထိ စွမ်းဆောင် နိုင်ခဲ့ပါတယ် ။

၂ ။ အဲဗာတန် နဲ့ တွေ့တိုင်း ကံမကောင်းတဲ့ အာတီတာ

အဲဗာတန် အသင်းဟာ အာဆင်နယ် နည်းပြ အာတီတာ ရဲ့ အသင်းဟောင်းပါ ၊ အာတီတာ ဟာ အဲဗာတန် အသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ဖူးပါတယ် ။ ဒါပေမယ့် အာတီတာ ဟာ အာဆင်နယ် နည်းပြ ဖြစ်လာကတည်းက အသင်းဟောင်း အဲဗာတန် အသင်း နဲ့ တွေ့တိုင်း ရလဒ်တွေ ဆိုးနေခဲ့ပါတယ် ၊ အာတီတာ နည်းပြနေတဲ့ အာဆင်နယ် အသင်းဟာ အဲဗာတန် နဲ့ ၄ ကြိမ် ရင်ဆိုင်ရာမှာ ၃ ပွဲ အထိ ရှုံးနိမ့် ခဲ့ရပါတယ် ။

အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ် နဲ့ ရင်ဆိုင် ခဲ့ရတဲ့ နောက်ဆုံး သုံးပွဲဆက်တိုက် နိုင်ပွဲ ရယူ နိုင်ခဲ့ခြင်း ဖြစ်ပြီး ၊ ဒါဟာ သူတို့ အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ် ။

၃ ။ အဲဗာတန် အတွက် တကယ်တန်တဲ့ ခေါ်ယူမှု ဂရေး

လက်စတာ စီးတီး အသင်း ကစားသမားဟောင်း ဂရေး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာမှ လေဗာကူဆင် အသင်းကနေ အဲဗာတန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁.၇ သန်း ထဲနဲ့ ရောက်လာခဲ့သူပါ ။ ဂရေး ဟာ အာဆင်နယ် နဲ့ ပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၄ ဂိုး သွင်းယူ ထားနိုင်ပါတယ် ။

အာဆင်နယ် နဲ့ ပွဲမှာလည်း ဂရေး ဟာ တိုမီယာစု ၊ ဘန်ဝှိုက် တို့ကို တောက်လျှောက် ဒုက္ခ ပေးနိုင်ခဲ့ပြီး ရစ်ချာလီဆန် ရဲ့ သွင်းဂိုးဟာလည်း သူ့ရဲ့ကန်ချက် တိုင်ထိ ထွက်ရာကနေ ရရှိ သွားခဲ့တာပါ ။ ဒါတင် မကသေးပါဘူး ၊ ဂရေး ဟာ အဲဗာတန် အတွက် အနိုင်သုံးမှတ် ဖြစ်စေမယ့် သွင်းဂိုးကိုလည်း ပွဲချိန် ၉၂ မိနစ်မှာ လှလှပပ သွင်းယူပေးခဲ့ပါတယ် ။

ဂရေး ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဲဗာတန် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား(၅ဂိုး) ၊ ဂိုးကန်သွင်းချက် အများဆုံး ကစားသမား(၃၁ ကြိမ်) ၊ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံး ထိချက် အများဆုံး ကစားသမား(၅၀ကြိမ်) ၊ ပြိုင်ဘက် ကို လိမ်ခေါက် ကျော်ဖြတ်နိုင်မှု အများဆုံး ကစားသမား(၁၉ကြိမ်) အဖြစ် ရပ်တည် နေပါတယ် ။

၄ ။ အငြင်းပွားဖွယ် ဖြစ်ခဲ့ရပြန်တဲ့ မိုက်ဒင်း ရဲ့ဆုံးဖြတ်ချက်

အာဆင်နယ် ပရိသတ်တွေ နဲ့ လုံးဝ မတည့်တဲ့ ဒိုင်လူကြီး မိုက်ဒင်းဟာ ဒီနေ့မှာလည်း ပရိသတ်တွေရဲ့ မျက်မုန်းကျိုးမှုကို ပိုတိုးပွားစေမယ့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့ပြန်ပါတယ် ။ အဲဗာတန် နောက်ခံလူ ဂေါ့ဖရေး ဟာ တိုမီယာစု ရဲ့မျက်နှာကို ခြေထောက်နဲ့ သိသိသာသာ ကန်ခဲ့ပေမယ့် ဒိုင်လူကြီး မိုက်ဒင်း ကတော့ အဝါကဒ်တောင် ပြသ ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ် ။

၅ ။ နီကိုလပ်စ် ပေပေ ရဲ့အာဆင်နယ် ကစားသမား ဘဝ ကုန်ဆုံး သွားပြီလား ?

အာဆင်နယ် အသင်းရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင် နီကိုလပ်စ် ပေပေ တစ်ယောက် အသင်း အတွက် ပါဝင် ကစားခွင့် မရဘဲ အရန်ခုံမှာ ထိုင်နေရတာ ၅ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ အဲဗာတန် နဲ့ ပွဲမှာလည်း မာတီနယ်လီ ဒဏ်ရာ ရသွားချိန် အာတီတာ ဟာ ပေပေ ရှိနေပေမယ့် အန်ခီတီးယားကိုပဲ လူစားလဲ ထည့်သွင်း ခဲ့ပါတယ် ။

အန်ခီတီးယား ကို လူစားလဲလိုက်ချိန်မှာ ပေပေ မကျေမချမ်း ကြည့်နေပုံကလည်း ဆိုရှယ်မီဒီယာထက်မှာ ပျံ့နှံ့နေ ခဲ့ပါတယ် ။ လက်ရှိမှာ ပေပေ ကို ခေါ်ချင်နေတဲ့ ကလပ် အသင်း ၃ သင်း ရှိတယ်လို့ သတင်းတွေ ထွက်နေပြီး အာတီတာ ကတော့ ပေပေ ရဲ့ အပြောင်းအရွှေ့သတင်းတွေကို ငြင်းဆန် ပယ်ချ ထားပါတယ် ။

SM