ရင်ဆိုင်ခဲ့ဖူးတဲ့ သူတွေထဲက အကောင်းဆုံး ပရီးမီးယားလိဂ် နောက်ခံလူကို ထုတ်ဖော်သွားခဲ့တဲ့ ဝက်ဟမ်းတိုက်စစ်မှုး အန်တိုနီယို

ဝက်ဟမ်း တိုက်စစ်မှုး မစ်ချယ်အန်တိုနီယိုက လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ဟာ သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ကစားခဲ့ဖူးတဲ့ ပြိုင်ဘက်တွေထဲမှာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဗန်ဒိုက်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဆောက်သမ်တန်မှ လီဗာပူးကို ပေါင် ၇၅ သန်းနဲ့ ပြောင်းလာခဲ့သူ ဖြစ်ပြီး အန်ဖီးကို ရောက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလို အထိုင်ကျ ခြေစွမ်းပြခဲ့ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပေးခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး နီးပါး ဒဏ်ရာကြောင့် အနားယူခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ နွေရာသီက ပြန်လာနိုင်ခဲ့ကာ လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရရှိလုနီးပါး ဖြစ်နေပါတယ်။

ပြိုင်ဘက် တိုက်စစ်မှုးတွေ အနေနဲ့ ဗန်ဒိုက်နဲ့ ရင်ဆိုင် ကစားရတာဟာ တကယ့်ကို အိမ်မက်ဆိုး ဖြစ်ပြီး ဝက်ဟမ်း တိုက်စစ်မှုး အန်တိုနီယိုက နယ်သာလန် ဗဟိုနောက်ခံလူကို သူ ဘယ်လောက် သဘောကျသလဲ ဆိုတာကို ထုတ်ဖော် သွားခဲ့ပါတယ်။

အန်တိုနီယိုက ဗန်ဒိုက်ဟာ ဘယ်လောက် ကောင်းသလဲ ဆိုတာကို သူကောင်းကောင်း သိနေတာကြောင့် လီဗာပူးနဲ့ ရင်ဆိုင် ကစားရတဲ့ ပွဲစဉ်တွေမှာ ၎င်းကို ရှောင်ပြီး ကစားဖို့ ကြိုးစားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

အန်တိုနီယိုက “ကျွန်တော့်ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ကစားခဲ့ဖူးတဲ့ နောက်ခံလူတွေ ထဲမှာ ဗာဂျယ်ဗန်ဒိုက်ဟာ အကောင်းဆုံး ဖြစ်ပါတယ်။

သူဟာ လျှင်မြန်တယ် သန်မာတယ် ပြီးတော့ ဘောလုံးကိုင်ကစားတာ တအားကို ကောင်းတဲ့သူပါ။ ပြီးတော့ သူ့ရဲ့ ပုံစံကလည်း မိုက်ပါတယ်။ ဒီလူဟာ အရာအားလုံးကို ပိုင်ဆိုင်ထားတဲ့ သူပါ။

သူနဲ့ ပက်သက်ပြီး မကောင်းတဲ့ အရာ ပြောရမယ် ဆိုရင် ကျွန်တော် ဘာပြောရမလဲ ဆိုတာ မသိပါဘူး။ ဘောလုံးကွင်းထဲမှာ သူဟာ ပြီးပြည့်စုံတဲ့ ကစားသမားလို့ ဆိုနိုင်ပါတယ်။

ကျွန်တော် လီဗာပူး နဲ့ ရင်ဆိုင် ကစားရတဲ့ အခါ သူနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားသွားဖို့ မကြိုးစားပါဘူး။ ကျွန်တော် သူ့ကို ရှောင်ကာ သူ့ရဲ့ တွဲဖက် ဗဟိုနောက်ခံလူဆီ သွားပြီး ပိုမို လွယ်ကူတဲ့ challenge ကို ရွေးချယ်ပါတယ်။

ကျွန်တော်ဟာ ဘယ်ကစားသမားကို မဆို ကျော်ဖြတ် နိုင်စွမ်း ရှိပါတယ်။ တစ်စုံတစ်ဦးက ကျွန်တော့်ထက် ပိုမို သန်မာတယ်လို့ ကျွန်တော် ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။

အကယ်၍ ဗန်ဒိုက်နဲ့ မဖြစ်မနေ ရင်ဆိုင် ကစားသွားရတော့မယ် ဆိုရင် ကျွန်တော် သူ့ကို ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှုတော့ ပေးနိုင်မှာပါ။ ကျွန်တော် ကိုယ့်ကိုကိုယ် အမြဲ ယုံကြည်မှု ရှိပါတယ်။

ဒါပေမယ့် သူနဲ့ ကွင်းထဲမှာ မဖြစ်မနေ ထိပ်တိုက် ရင်ဆိုင် သွားစရာ မလိုအပ်ပါဘူး။ ကျွန်တော် ဒီလိုမျိုး လုပ်ဆောင် သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် သူနဲ့ ထိပ်တိုက် ရင်ဆိုင်ကာ challenge လုပ်သွားမှာ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ရှုံးပွဲ တစ်ပွဲသာ ရှိထားခဲ့ပြီး အဲဒီပွဲစဉ်ကလည်း အန်တိုနီယိုရဲ့ ဝက်ဟမ်းကို လန်ဒန်စတေဒီယမ်မှာ ၃-၂ နဲ့ ရှုံးခဲ့တဲ့ ပွဲစဉ်ပဲ ဖြစ်ပါတယ်။

SM