ယူရို သန်း 50 နဲ့ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ သတင်းတွေ ထွက်နေတဲ့ ရာဖင်ဟာ

လိဒ် ယူနိုက်တက် ကွင်းလယ် တိုက်စစ် ကစားသမား ရာဖင်ဟာ ရဲ့ ခြေစွမ်းက အသင်းကြီးတွေ စောင့်ကြည့်ချက်လောက်အောင် စွမ်းဆောင်ရည်တွေ ဆက်တိုက် ကောင်းမွန်လျှက် ရှိနေပါတယ်။

သူဟာ ဒီနှစ်ထဲမှာပဲ ဘရာဇီး လက်ရွေးစင် အသင်းမှာ စတင် အရွေးချယ်ခံခဲ့ရသလို ၊ လက်ရွေးစင် အသင်းကြီးမှာပါ ခြေစွမ်းပြ ကစားပေးနိုင်တာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေက ဆက်တိုက် တိုးပွားလာခဲ့ ပါတယ်။

ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ ဘာစီလိုနာ ကွင်းလယ် ကစားသမားဟောင်းကြီး ဒေကို က ဆိုရင် လီဗာပူးဟာ ဝိုင်နယ်ဒမ် ရဲ့ နေရာကို အစားထိုးဖို့ အတွက် ရာဖင်ဟာ ကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ဖူးတယ်လို့တောင် ထုတ်ဖော် ပြောဆိုထားခဲ့ပါတယ်။ သို့သော် လိဒ် ယူနိုက်တက် က လိုချင်တဲ့ ဈေးနဲ့ ၊ ကစားသမား ကိုယ်တိုင်ကလဲ အသင်းပြောင်းဖို့ လိုလိုလားလား မရှိသေးတာကြောင့် အပြောင်း အရွှေ့ ကိစ္စရပ်တွေက တိုးတက်လာခြင်း မရှိခဲ့ ပါဘူး။

မနေ့ကတော့ ဘရာဇီး အခြေစိုက် မီဒီယာကြီးတွေ က ရာဖင်ဟာ ဟာ ဘိုင်ယန် မြူးနစ် ကို ယူရို သန်း 50 ဝန်းကျင် နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်နေတယ်လို့ ခိုင်ခိုင်မာမာ ဖော်ပြလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ကို မွေးထုတ်ပေးခဲ့တဲ့ ငယ်ဘ၀ ကလပ် Avai က ကစားသမား ရဲ့ တန်ဖိုး 3% ကို ထိန်းချုပ် ထားဆဲ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ကနေ ရရှိလာမယ့် ငွေတွေထဲက 1.5 သန်း ကို ထပ်မံ လက်ခံ ရရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလဟာ မကြာခင်မှာပဲ တရားဝင် ဖွင့်လှစ်တော့မှာ ဖြစ်လို့ ဘိုင်ယန် ရဲ့ ချိတ်ဆက် ချဉ်းကပ်မှုတွေဟာ တကယ်ပဲ မှန်ကန်နေသလား ဆိုတာ သဲသဲကွဲကွဲ ဖြစ်လာတော့မှာပါ။

လက်ရှိ အချိန်ထိတော့ ဘိုင်ယန် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း က ဒီသတင်းတွေ အပေါ် တရားဝင် တုန့်ပြန်ထားခြင်း မရှိသေးပါဘူး။

တချိန်တည်းမှာပဲ ဒီရာသီ တန်းဆင်းဇုံ တိုက်ပွဲကို အသည်းအသန် ဝင်နေရတဲ့ လိဒ် ယူနိုက်တက် ကလဲ အဓိက ကစားသမား တစ်ယောက် ကို ရာသီဝက် ကြားကာလကြီးမှာ ရောင်းထုတ်ပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ကိုဗစ် ကပ်ရောဂါ ဆိုးကြောင့် ကစားသမား အစုံအလင် ပွဲထုတ်နိုင်ဖို့ အတွက်တောင် မနည်း ကျားကန်နေရတဲ့ အချိန်မျိုးမှာ ၊ ပွဲထွက် ကစားသမား တစ်ယောက် ကို လက်လွှတ် ဆုံးရှုံးဖို့ အတွက်ကတော့ ဖြစ်နိုင်ချေက နည်းပါးလွန်း ပါတယ်။

ဒါ့အပြင် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ဆိုတာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေတဲ့ ဘောလုံးသမားတွေ ရဲ့ အပြောင်းအရွှေ့ ကာလမျိုး မဟုတ်ပဲ ၊ ပွဲထွက် ကစားခွင့် မရပဲ ဖြစ်နေကြတဲ့သူတွေ အများစု အပြောင်းအရွှေ့ လုပ်ကြတာ များလို့ ထိပ်တန်း Transfer ကြီးတွေ ပေါ်ပေါက်လာဖို့ အခွင့်အလမ်း နည်းပါတယ်။

ရာဖင်ဟာ ဟာ ဘောလုံး ကျွမ်းကျင် ပိုင်နိုင်မှု အပြင် ၊ သွင်းဂိုး ရယူတဲ့ အပိုင်းမှာပါ ထူးချွှန်တဲ့ သူဖြစ်နေတာကြောင့် သူ့လို ကစားသမားမျိုးကို ဘိုင်ယန် မြူးနစ် လို အသင်းက ချဉ်းကပ်လာတာတော့ အထူးအဆန်း ဖြစ်မယ် မထင်ပါဘူး။

SPORTS MYANMAR