ယူနိုက်တက် ရဲ့ အစဉ်အလာကောင်းတခုမှာ ပြန်လည်ပါဝင်ခွင့်ရလို့ ဝမ်းမြောက်ခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို

ခရစ္စတီယာနို ရိုနယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဖော်တွေ ဟာ ဒေသတွင်းမှာ ရှိတဲ့ ဆေးရုံတွေ က ကလေးငယ်တွေ ကို ၂၀၂၁ ခုနှစ် ရဲ့ ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလမှာ နွေးထွေးတဲ့ စကားလုံးတွေ နဲ့ အတူ လက်ဆောင် ပစ္စည်းတွေ ပေးအပ် ခဲ့ကြပါတယ် ။

ဒါဟာ ယူနိုက်တက် ရဲ့ ရှည်ကြာလှပြီ ဖြစ်တဲ့ အစဉ်အလာကောင်း တခု ဖြစ်ကာ နှစ်စဉ် နှစ်တိုင်း ဒီလို အချိန်မှာ ဂရိတ်တား မန်ချက်စတာ ဒေသမှာ ရှိတဲ့ ဆေးရုံ ၃ ခုက လူနာကလေးငယ် တွေနဲ့ ဆေးရုံ ဝန်ထမ်းတွေ ကို လက်ဆောင်တွေ ပေးအပ်လေ့ ရှိကြပါတယ် ။

ဒီနှစ် မှာတော့ ကိုဗစ် ကပ်ဘေးကြောင့် ကစားသမားတွေဟာ ကလေးငယ်တွေ ကို ကိုယ်တိုင် လက်ဆောင်တွေပေးပြီး ရင်းနှီးစွာ ပြောဆို ထိတွေ့ဖို့ မလုပ် နိုင်ခဲ့ ပါဘူး ။

ဒါပေမယ့် အမှတ်တရ လက်ဆောင်တွေ ကို ထုပ်ပိုး နေရာချ နေတဲ့ အချိန်မှာ ယူနိုက်တက် ကစားသမားတွေဟာ မှတ်တမ်း ဗီဒီယို ရိုက်ကူး ထားခဲ့ပြီး ကလေးတွေ ကို ပြန်ဖွင့်ပြ သွားခဲ့ ပါတယ် ။

ဒီအစီအစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ အမျိုးသား နဲ့ အမျိုးသမီး အသင်းက ကစားသမားတွေ ပါဝင် ခဲ့ကြပြီး ယူနိုက်တက် တီရှပ်တွေ ၊ ဦးထုပ်တွေ နဲ့ အခြား အမှတ်တရ လက်ဆောင် ပစ္စည်းတွေ ကို ထည့်သွင်း ပေးခဲ့ ကြပါတယ် ။

သူတို့ အားလုံးရဲ့ ဦးဆောင်သူ ကတော့ ခရစ္စတီယာနို ရိုနယ်ဒို ပါပဲ ။

ရိုနယ်ဒို ဟာ ယူနိုက်တက် မှာ ၂၀၀၃ ကနေ ၂၀၀၉ အထိ ကစားခဲ့စဉ် တုန်းကတည်းက ဒီလို ကောင်းမွန်တဲ့ အစဉ်အလာ ကို ပါဝင်ခွင့် ရရှိခဲ့သူ ဖြစ်ပြီး ဒီနှစ် မှာတော့ နောက်တကြိမ် ပြန်လည် ပါဝင် နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ရိုနယ်ဒို ကတော့ အသင်းဟောင်းရဲ့ အစဉ်အလာကောင်းမှာ ပြန်လည် ပါဝင်ခွင့် ရရှိလို့ ဝမ်းမြောက်မိ ပေမယ့် ဒီနှစ်မှာ လူကိုယ်တိုင် ပေးခွင့် မရရှိခဲ့တဲ့ အတွက် ကိုတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကံမကောင်းစွာနဲ့ ဒီနှစ်တော့ ဆေးရုံတွေကို ကိုယ်တိုင် မလာနိုင်ခဲ့ ပါဘူး ။ ဒီအစဉ်အလာကောင်းလေးဟာ အရင် မန်ချက်စတာ ယူနိုက်တက် မှာ ကစားခဲ့ချိန် ကတည်းက အမြဲတမ်း လုပ်ဖြစ် နေတဲ့ အရာလေးပါ ။

အခုလို နှစ်တနှစ် ရဲ့ အထူးကာလမျိုးမှာ ကျွန်တော်တို့ ရဲ့ အားပေး နွေးထွေးမှုတွေ ကို ကလေးငယ်တွေဆီ ရောက်အောင် ပို့ဆောင် ပေးတာဟာ အရေးပါတဲ့ အရာတခုပါပဲ ။

ဒီအစီအစဉ်ရဲ့ အစိတ်အပိုင်း တခု ပြန်ဖြစ်ခွင့် ရခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူ မိပါတယ်” လို့ ရိုနယ်ဒို က မန်ယူနိုက်တက် ရုပ်သံကနေ ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ စကော့ မတ် တော်မီနေး ကလည်း ဒီအစဉ်အလာ ရဲ့ အရေးပါပုံ နဲ့ ဒီနှစ်မှာ ဒါကို ဆက်လုပ်ဖြစ် ခဲ့ကြပုံတွေ ကို ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“ခရစ္စမတ် ဆိုတာ နှစ်တနှစ် ရဲ့ ထူးကဲတဲ့ အချိန်ကာလပါ ။ အခုလို အချိန်မှာ ကလေးငယ်တွေ ၊ မိတ်ဆွေတွေ ၊ မိသားစုတွေ အတွက် ခရစ္စမတ် ရဲ့ နွေးထွေးမှု နဲ့ချစ်ခြင်း မေတ္တာတွေကို ခံစားနိုင်ဖို့ က အရေးကြီးပါတယ် ။

ဒါကြောင့် ဒီနှစ်လည်း ဒါကို စီစဉ် ခဲ့တာပါ ။ ကိုယ့် ပရိသတ်တွေရဲ့ မျက်နှာက အပြုံးတွေကို မြင်ရတာဟာ ဘောလုံးသမား တယောက်အတွက် အကောင်းဆုံး အရာတွေ ထဲက တခုပဲ မဟုတ်ပါလားဗျာ” လို့ တော်မီနေး က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းက တည်ထောင် ထားတဲ့ ယူနိုက်တက် ဖောင်ဒေးရှင်း ဟာ နှစ်စဉ် နှစ်တိုင်း လက်ဆောင် ပစ္စည်းပေါင်း ၂ ထောင်ကျော်ကို ခရစ္စမတ် ကာလ မှာ လိုက်လံ ပေးအပ်နေကျ ဖြစ်ပြီး ဒီနှစ် မှာတော့ ကစားသမားတွေ မပါဘဲ ဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် အင်္ဂါနေ့ နံနက် မှာတော့ ဘောက်ဆင်ဒေး ပွဲစဉ် အဖြစ် နယူးကာဆယ် အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR