ယူနိုက်တက် ကွင်းလယ်လူကို ခေါ်ယူဖို့ ဝက်စ်ဟမ်း နည်းပြ မိုယက်စ်ကို တိုက်တွန်းလိုက်တဲ့ တိုနီ ကော့တီး

ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ တိုနီ ကော့တီး က အသင်းဟောင်း အနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ကွင်းလယ်လူ ဂျက်စီ လင်ဂတ် ကို အသင်းဆီ ပြန်ခေါ်သင့်ကြောင်း တိုက်တွန်း သွားခဲ့လိုက် ပါတယ် ။

ဂျက်စီ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဝက်စ်ဟမ်း အသင်းဆီ ရာသီဝက်အထိ အငှား သွားရောက် ကစားခဲ့ပြီး သွင်းဂိုး ၊ ဖန်တီးမှု တွေနဲ့ ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့တဲ့ အတွက် ဝက်စ်ဟမ်း ပရိသတ်တွေကလည်း သူ့ကို နှစ်ခြိုက်နေခဲ့ကြပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ ဝက်စ်ဟမ်း အသင်းဟာ လင်ဂတ် ရဲ့ အကူအညီ နဲ့ အတူ ဒီရာသီမှာ ယူရို ပါလိဂ် ဝင်ခွင့် ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်စ်ဟမ်း အသင်းအတွက် ပြိုင်ပွဲစုံ 16 ပွဲ ကစားပေးခဲ့ပြီး 9 ဂိုးသွင်း ၊ 4 ဂိုး ဖန်တီးပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဝက်စ်ဟမ်း အသင်းဟာ ပြီးခဲ့တဲ့ နွေတုန်းက သူ့ကို အပြီးသတ် ခေါ်ယူလိုခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် နည်းပြဟောင် ဆိုးလ်ရှား ကတော့ လင်ဂတ်ဟာ အသင်းရဲ့ စီမံကိန်းမှာ ပါဝင်ကြောင်း ပြောရင်းဖြင့် သူ့ကို ဆက်လက် ထိန်းသိမ်းထားခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲထွက်ခွင့်တွေ ရရှိနိုင်ဖို့ အတွက် တိုက်ပွဲဝင်လိုနေခဲ့တဲ့ လင်ဂတ်ဟာ ဆိုးလ်ရှား လက်အောက်မှာ လူစားဝင် ကစားခွင့်တွေသာ ရနိုင်ခဲ့ပါတယ် ။ ဒီလို လူစားဝင် ကစားပေးရာမှာလည်း သူဟာ ပုံစံကောင်း ပြနိုင်ခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့ပါသေးတယ် ။

ဒါပေမဲ့ ပွဲထွက် ကစားခွင့်တွေကတော့ ပျောက်ဆုံးဆဲ ဖြစ်ခဲ့ရပြီး နည်းပြသစ် ရန်းဂနစ် လက်အောက်မှာလည်း သူ့ရဲ့ ပွဲကစားခွင့် မိနစ်တွေဟာ အကန့်အသတ် ဖြစ်နေခဲ့ရပါတယ် ။ ဒါ့ကြောင့် သူရဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ခြေဟာ များပြားခဲ့ရပါတယ် ။

ဒီအတွက် ကစားသမားဖက်မှ ဦးစားပေး အဖြစ် ပြောင်းရွှေ့နိုင်ခြေ ရှိတဲ့ အသင်းက ဝက်စ်ဟမ်းပဲ ဖြစ်နေခဲ့ရပါတယ် ။ အခုတော့ ဝက်စ်ဟမ်း တိုက်စစ်မှူးဟောင်း ကော့တီး ကိုယ်တိုင်က လင်ဂတ်ကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

” ဒေးဗစ် မိုယက်စ် ဝက်စ်ဟမ်း အသင်းမှာ ဘာတွေလုပ်နေခဲ့သလဲလို့ မေးရင် သူဟာ အံ့ဖွယ်ကောင်းတဲ့ အသင်း စိတ်ဓါတ် တစ်ခုကို ဖန်တီးပေးခဲ့တယ်လို့ ပြောရပါလိမ့်မယ် ။ သူဟာ အဲ့ဒီလို စိတ်ဓါတ်မျိုးကို ပြောင်းလဲစေလိုမှာ မဟုတ်ပါဘူး ”

” သူဟာ အသင်းကို တောင့်တင်းစေဖို့ ဈေးကွက်ထဲကို ထပ်မံ ဝင်ရောက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပြီးရင် ပြီးခဲ့တဲ့ ရာသီက တောက်ပနိုင်ခဲ့တဲ့ လင်ဂတ်လို ကစားသမားကို ခေါ်ယူပါလိမ့်မယ် ။ သူ့ကို အသင်းဆီ ပြန်ခေါ်ပြီး ထပ်ဖြည့်သင့်တဲ့ နေရာတွေကိုလည်း ဖြည့်တင်းလိမ့်မယ်လို့ တွေးထားပါတယ် ” လို့ ကော့တီး က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း အသင်းဟာ ဒီရာသီ မိုယက်စ် လက်အောက်မှာ အုပ်စုဗိုလ် အဖြစ် ယူရို ပါလိဂ် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ကာရာဘောင် ပြိုင်ပွဲမှာလည်း မန်ချက်စတာ ပြိုင်ဖက် နှစ်သင်းကို ဖြုတ်ချပြီး နောက်တစ်ဆင့် တက်နိုင်ခဲ့ပါသေးတယ် ။

#Sports_Myanmar