ယူနိုက်တက် ကစားသမား နှစ်ဦးဟာ လုံလောက်စွာ မကောင်းကြဘူးလို့ ပြောလိုက်တဲ့ စတိဗ် နီကိုးလ်

လီဗာပူး ကစားသမားဟောင်း ဖြစ်သူ စတိဗ် နစ်ကိုးလ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား နှစ်ဦး ဖြစ်ကြသူ မက် တော်မီနေး နဲ့ ဖရက်ဒ် တို့ဟာ လုံလောက်စွာ ကောင်းမွန်သူတွေ မဟုတ်ကြကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကို အိုလီ ဂန်နား ဆိုးလ်ရှား ကိုင်တွယ်ခဲ့စဉ်တုန်းက ကွင်းလယ်မှာ တော်မီနေးနဲ့ ဖရက်ဒ် တို့ကို တွဲဖက် ကစားစေမှု အပေါ် ဝေဖန်မှုတွေ အများကြီး ခံခဲ့ရပါသေးတယ် ။ အဲ့ဒီတုန်းက သူတို့ နှစ်ဦးရဲ့ ကစားပုံဟာ သိပ်အတွဲမညီခဲ့ပါဘူး ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယာယီ နည်းပြသစ် ရန်းဂနစ် ရဲ့ လက်အောက်မှာတော့ 4 ပွဲ ကစားထားခဲ့ပြီး 2 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ ရှုံးပွဲ လုံးဝ မရှိခဲ့သေးတဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင်ထားခဲ့ပါသေးတယ် ။ ဒါပေမဲ့ ကစားပုံကတော့ အားရဖွယ် မဖြစ်ခဲ့သေးပါဘူး ။

ဒါ့အပြင် အဆိုပါ ပွဲစဉ် လေးပွဲလုံးမှာ ယူနိုက်တက်တို့က တစ်ပွဲ တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့တာက ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။ ရန်းဂနစ်ဟာ ယန်းဘွိုင်းစ် ၊ ပဲလေ့စ် ၊ နောဝှစ်ချ် ၊ နယူးကာဆယ် တို့လို အသင်းတွေနဲ့သာ ရင်ဆိုင်ရသေးပြီး အဆိုပါ ပွဲတွေမှာ တစ်ဂိုးစီသာ သွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

နယူးကာဆယ်နဲ့ ပွဲမှာဆိုရင် ယူနိုက်တက်တို့ဟာ ဘောလုံံး ပိုင်ဆိုင်မှုသာ အသာစီး ရယူနိုင်ခဲ့ပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခွင့်အရေးကိုတော့ ပြိုင်ဖက် အသင်းကသာ ပိုမို ဖန်တီးနိုင်ခဲ့တာ စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရပါတယ် ။ ဒီပွဲမှာ ဒီဂီယာသာ လက်စွမ်း မပြခဲ့ရင် ယူနိုက်တက်တို့ သရေ တစ်မှတ်တောင် ရနိုင်ဖို့ မလွယ်ပါဘူး ။

 

အခုတော့ လီဗာပူး အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ စတိဗ် နစ်ကိုးလ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦးဟာ လုံလောက်စွာ ကောင်းမွန်သူတွေ မဟုတ်ကြကြောင်း ၊ ဒါ့ကြောင့် ယူနိုက်တက်တို့ စွမ်းဆောင်ရည် ကျနေခဲ့တာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အသင်းရဲ့ ဗဟို ကွင်းလယ်ကို ကြည့်ရှုလိုက်ပါ ။ ဘယ်သူက ဖရက်ဒ် နဲ့ တော်မီနေး တို့ကို အသင်းမှာ ပွဲထွက်စေချင်မှာလဲ ? ပြိုင်ဖက်ကောင်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ သူတို့ နှစ်ဦးလုံးကို ပွဲထွက် ကစားစေဖို့ မသင့်တော်ပါဘူး ။ ဒါဆို တိုက်စစ် လေးယောက်ကို ကြည့်လိုက်ပါဦး ”

 

” ဒီကစားသမားတွေ ဘာကြောင့် ခြေစွမ်း မပြနိုင်ကြဘူးလို့ ထင်သလဲ ? ဟုတ်ပါပြီ ၊ သူတို့ ဘောလုံးရော လုံလောက်စွာ ရရဲ့လား ? နယူးကာဆယ် နဲ့ ပွဲစဉ်မှာ ဘောလုံး ပိုင်ဆိုင်မှု မရှိတဲ့ အချိန်တွေမှာ ဘယ်သူတွေက ဘောလုံးရရှိအောင် လိုက်လုနေခဲ့ကြသလဲ ? ”

” တကယ်တော့ အသင်းမှာ ဘောလုံး ရယူပေးမယ့်သူ ရှိနေဖို့ တကယ်ပဲလိုအပ်လှပါတယ် ။ အကယ်လို့ သူတို့တွေမှ ဘောလုံး မရယူပေးနိုင်ဘူးဆိုရင် ခင်ဗျားတို့ ဂိုးတွေကို သွင်းယူနိုင်ကြမှာ မဟုတ်ပါဘူး ။ အကယ်လို့ ကွင်းလယ် 2 ဦးက ဘောလုံး မလုယူနိုင်ရင် ၊ ပြိုင်ဖက်ကို ဖြတ်ကျော်ခွင့်တွေ ပေးနေရင်… ”

” ဒါ့ကြောင့် အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဒီလိုမျိုး ကစားကွက် သုံးတာက ရန်းဂနစ် ရဲ့ အမှားလို့ ပြောကြမယ်ဆိုရင် ဒီနေရာမှာ ကစားကြတဲ့ ကစားသမားတွေလည်း လုံလောက်စွာ မကောင်းကြဘူးလို့ ထပ်တူထပ်မျှ ပြောရမှာ အသေအချာပါပဲ ” လို့ စတိဗ် နစ်ကိုးလ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar