ယူနိုက်တက် ကစားသမား နှစ်ဦးကို ရောင်းထုတ်လိုက်ဖို့ နည်းပြသစ်ကို တိုက်တွန်းလိုက်တဲ့ ပေါလ် ပါကား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသ မားဟောင်း တစ်ဦးဖြစ်သူ ပေါလ် ပါကားက ယာယီ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ရဲ့လ်ဖ် ရန်းဂနစ်ကို ကစားသမား နှစ်ဦး ရောင်းထုတ်လိုက်ဖို့ တိုက်တွန်း နှိုးဆော် သွားခဲ့လိုက် ပါတယ် ။

ဂျာမန်မြေမှာ နည်းပြ လုပ်ခဲ့စဉ်တုန်းက Godfather ဆိုပြီး နာမည် ရရှိခဲ့ဖူးတဲ့ ရဲ့လ်ဖ် ရန်းဂနစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူနိုက်တက် အသင်းရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာခဲ့ပါတယ် ။ သူ့ရဲ့ လက်အောက်မှာတော့ ယူနိုက်တက်တို့ ပိုမို တိုက်စစ်ဆင် ကစားရဖို့ ရှိနေပါတယ် ။

ဒါပေမဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြဟောင်း ဆိုးလ်ရှား လက်အောက်မှာ ဖိအားပေးပြီး ကစားနိုင်စွမ်း နည်းပါးခဲ့တာ အားလုံးပဲ မြင်တွေ့ခဲ့ရပါတယ် ။ ဒါကို ရန်းဂနစ် ဘယ်လို ပြောင်းပြန် လှန်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ ။

ပေါလ် ပါကား ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အချိန် 5 နှစ်လောက် အလုပ် လုပ်ပေးခဲ့သူ ဖြစ်ပြီး ပွဲ 100 ကျော် ကစားပေးခဲ့သူပဲ ဖြစ်ပါတယ် ။ အခုတော့ သူက ရန်းဂနစ် အနေနဲ့ အန်သိုနီ မာရှယ်နဲ့ ပေါလ် ပေါ့ဂ်ဘာ တို့ကို ရောင်းထုတ်လိုက်သင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ပေါလ် ပေါ့ဂ်ဘာ ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လာမဲ့နွေမှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တစ်ဦး ဖြစ်ပြီး ပရိသတ်တွေ မျှော်လင့်ချက်ထား စောင့်ကြည့်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပါကား ကတော့ သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ကုန်ဆုံံးသင့်ပြီလို့ ထင်နေပါတယ် ။

” သူ့ (ပေါ့ဂ်ဘာ) လို တစ်စုံတယောက်ကို ခင်ဗျားဟာ အသင်းရဲ့ အနီးအနားမှာ မြင်ချင်မှာ မဟုတ်ပါဘူး ။ ခင်ဗျားဟာ သူ့ကို ဇန်နဝါရီမှာ ငွေရမယ်ဆို ထွက်ခွာစေချင်မှာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ စာချုပ် သက်တမ်း လက်ကျန် 6 လမှာ ခင်ဗျားတို့ သူ့ဆီကနေ ဘာမှ မရမှာ သိနေလို့ပါပဲ ။ ဒါက ဖြစ်လာမှာပါပဲ ”

” ပေါ့ဂ်ဘာ ဆိုတာ တိုက်ရိုက် ပါဝင်ပတ်သက်ခွင့် မရရှိတဲ့ အချိန်တွေမှာ အသင်းရဲ့ အဝတ်လဲခန်းထဲ ရှိမနေသင့်တဲ့ ကစားသမား တစ်ဦးပါ ။ ကျွန်တော် ကတော့ ဂျာမနီ နည်းပြ တစ်ဦး အသင်းဆီ ရောက်လာပြီး ပေါ့ဂ်ဘာ ကို ဘယ်လို မြင်မလဲဆိုတာ မြင်ယောင်နေမိပါတယ် ”

” လက်ရှိ လိဂ်ရဲ့ ထိပ်တန်း မန်နေဂျာ နှစ်ယောက်ကို ကြည့်လိုက်ပါ ။ သောမတ်စ် တူချယ် ကစားစေလိုတဲ့ ပုံစံမျိုးမှာ ပေါ့ဂ်ဘာလို ပုံစံ နဲ့ ကစားသမား တစ်ယောက် ပါဝင်ခွင့် ရနိုင်မယ်လို့ ထင်ရဲ့လား ? အခွင့်အရေး လုံးဝကို မရှိပါဘူး ။ သူ လီဗာပူး အတွက် ကစားနိုင်မလား ? အခွင့်အလမ်းကို မရှိပါဘူး ”

” သူ့ဆီမှာ စိတ်ပါလက်ပါ ဖြစ်စေတဲ့ အမူအရာ ၊ မောင်းနှင်နိုင်စွမ်း ၊ စိတ်အား ထက်သန်မှုတွေ ပုံမှန် ရှိမနေပါဘူး ။ လီဗာပူး ၊ ချဲလ်ဆီး အသင်းတွေမှာ လူတိုင်း မြင်ချင်ကြတာက ခြေစွမ်း တည်ငြိမ်မှုပါပဲ ။ သူ အဲ့တာကိ မပြသနိုင်ခဲ့ပါဘူး ။ သူဟာ နည်းပြသစ်ရဲ့ ဗျူဟာမှာ အံဝင်နိုင်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး ”

” မာရှယ် ပြေးလွှားနေတာ ၊ နေရာလွတ်တွေ ရှာနေတာ ၊ ဘောလုံး မရှိတဲ့ အချိန်တွေမှာ အလုပ်တွေ ကြိုးစားတာမျိုး ခင်ဗျား မြင်ဖူးသလား ? ကျွန်တော်တော့ မတွေ့ဖူးပါဘူး ။ ကျွန်တော့် အတွက်တော့ သူတို့ နှစ်ယောက်ဟာ ဦးစားပေး အဖြစ်နဲ့ အသင်းကနေ ထွက်ခွာသင့်သူတွေပါပဲ ” လို့ ပေါလ် ပါကား က ပြောကြားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar