ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ယန်းဘွိုင်းစ် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်ကိုသာ ရယူသွားနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာနေခဲ့တဲ့ အတွက် နည်းပြသစ် ရန်းဂ်နစ် က ပွဲထွက်ခွင့် နည်းပါးခဲ့တဲ့ စီနီယာ ကစားသမားတွေကို အာမတ် ဒီယာလို ၊ အီလန်ဂါ တို့လို လူငယ်လေးတွေနဲ့ တွဲဖက်ကစားစေခဲ့ပါတယ် ။

ယူနိုက်တက်တို့ ပွဲချိန် စတင်ပြီး 9 မိနစ် အကြာမှာပဲ ဂရင်းဝုဒ် ရဲ့ လှပတဲ့ ကန်ချက်နဲ့ အတူ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ပထမပိုင်းပြီးဆုံးဖို့ 3 မိနစ်အကြာမှာ ယန်းဘွိုင်းစ် ဖက်မှ ကွင်းလယ်လူ ရီဒါက ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တဲ့အတွက် ပထမပိုင်းဟာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်းမှာ ရန်းဂနစ်ဟာ လူငယ်အသင်းမှ တီဒန် မန်ဂီ ၊ ရှိုရီတိုင်ယာ ၊ ဆာဗေ့ချ် ၊ အစ်ခ်ဘယ် တို့ အပြင် နွေက ခေါ်ယူခဲ့တဲ့ ဂိုးသမား တွမ်ဟီတန် ကိုလည်း ထည့်သွင်း ကစားစေခဲ့ပါတယ် ။ ဒါပေမဲ့ ရလဒ်ကတော့ ထူးခြားမလာခဲ့ပါဘူး ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့်တက်ရောက်ဖို့ သေချာတဲ့ ပွဲမျိုးမှာ အခုလို လူငယ်တွေကို မြင်တွေ့ခွင့်ရတာက ပရိသတ်တွေအတွက်တော့ ကျေနပ်စရာပါပဲ ။ အဆိုပါပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒင်းန် ဟန်ဒါဆန် (7)

အသင်းအတွက် ရှားရှားပါးပါး ပြန်လည် ပါဝင်ခွင့် ရရှိခဲ့တဲ့ပွဲစဉ်မှာ တက်ကြွစွာ ကစားပေးခဲ့ပြီး လက်စွမ်းကောင်း ပြသနိုင်ခဲ့ပါတယ် ။ ပေးဂိုးကို ကာကွယ်နိုင်ခွင့် နည်းပါးခဲ့ပါတယ် ။

ဝမ် ဘစ်ဆာကာ (5)

ဒီပွဲအတွက် ဒွန်နီ ဗန်ဒီ ဘိခ်က လူပေးမှားခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ဂိုးပေးခဲ့ရတာပါ ။ ဒါပေမဲ့ ဘစ်ဆာကာ ရဲ့ ကစားပုံကတော့ အဲ့တာထက်ကို ပိုညံ့ခဲ့ပါတယ် ။

ဘိုင်လီ (7)

တကယ့်ကို ကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲ ထပ်မံ ပိုင်ဆိုင်ခဲ့ပြန်ပါတယ် ။ ဘောလုံး လုယူမှု ၊ ရှင်းထုတ်ပုံ ၊ ခံစစ်ပိုင်း လုံခြုံစေမှုတွေက တကယ့်ကို အားရစရာ ကောင်းခဲ့ပါတယ် ။

မာတစ် (5)

ဗဟို ခံစစ်မှူး အဖြစ် ထူးထူးခြားခြား ကစားခဲ့ရတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ တည်ငြိမ်တဲ့စွမ်းရည်ပြနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ပွဲချိန်ကြာမှ လိုက်လျောညီထွေစွာ ကစားပြနိုင်ခဲ့ပါတယ် ။

လုခ်ရှော (6)

ဒဏ်ရာမှ ပြန်ကောင်းလာတဲ့ ပွဲစဉ်မှာပဲ ဂရင်းဝုဒ် အတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ ပါတယ် ။ ပုံစံကောင်း အချို့ ပြသနိုင်ခဲ့ပြီး ဒုတိယပိုင်း 15 မိနစ် ကစားပြီးနောက် နည်းပြရဲ့ အနားပေးမှုကို ခံခဲ့ရပါတယ် ။

လင်ဂတ် (5)

ကြုံတောင့်ကြုံခဲရရှိခဲ့တဲ့ အခွင့်အရေးကို အကောင်းဆုံး အသုံးမချနိုင်ခဲ့ပါဘူး ။ ဒီလို စွမ်းဆောင်ရည်အရဆို ရှေ့ဆက်ပြီး အရံခုံပေါ်ပဲ နေရဖို့ အလားအလာများနေပါပြီ ။

ဗန်ဒီ ဘိခ် (5)

တိုက်စစ် ကစားလိုတဲ့ ကစားသမားဟာ ဒီပွဲမှာတော့ ကွင်းလယ်အထိုင် နေရာမှာ ကစားပေးခဲ့ရပြီး အံဝင်ခွင်ကျ ဖြစ်အောင် မကစားပေးနိုင်ခဲ့တဲ့အပြင် ပြိုင်ဖက်အတွက် လက်ဆောင်ဂိုးပါ ပေးခဲ့ပါသေးတယ် ။

အာမတ် ဒီယာလို (6)

ပွဲစဉ် စတင်ပုံ နှေးကွေးခဲ့ပေမဲ့ ကြာလေ ပိုကောင်းလေ ဖြစ်အောင် လှုပ်ရှား ကစားပေးနိုင်ခဲ့ပါတယ် ။ ဂိုးပေါက် ခြိမ်းခြောက်မှု 2 ကြိမ် လုပ်ပြနိုင်ခဲ့ပေမဲ့ အခွင့်ကောင်း တစ်ကြိမ် ဖြုန်းတီးခဲ့ပါတယ် ။

ဟွမ်မာတာ (5)

ရှားရှားပါးပါး ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့တဲ့ ပွဲစဉ်မျိုးမှာ ထူးကဲတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။ 2-0 ဖြစ်စေနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး ။

ဂရင်းဝုဒ် (8)

စီနီယာ အသင်းအတွက် မကြာခန ကစားပေးခွင့် ရရှိတဲ့ ကစားသမားပီပီ ပုံစံကောင်းပြသနိုင်ခဲ့ပြီး အဖွင့်ဂိုးလည်း လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ပွဲထွက်ခွင့် ရရှိသင့်တဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ပါတယ် ။

 

အီလန်ဂါ (5)

ပရိသတ်တွေရဲ့ မျှော်လင့်ချက်များစွာ ထားရှိခြင်းခံနေရတဲ့ လူငယ် ကြယ်ပွင့်လေးကတော့ ဂိုးပေါက် ကန်သွင်းမှု 1 ကြိမ်သာ လုပ်ပြနိုင်ခဲ့ပြီး ထူးခြားတဲ့အရည်အသွေးတွေ မပြသနိုင်ခဲ့ပါဘူး ။

လူစားဝင် ကစားသမားများ…

မန်ဂီ (6)
ရှိုရီတိုင်ယာ (5)
တွမ်ဟီတန် (6)
အစ်ခ်ဘယ် (6)
ဆာဗေ့ (6)

#Sports_Myanmar