ယူနိုက်တက်တို့ အဲရစ် တန်ဟတ်ကို ခေါ်ယူမယ်ဆိုတဲ့ သတင်းထွက်ပေါ်မှုအပေါ် အကောင်းမြင်နေတဲ့ ယူနိုက်တက် ဂန္တဝင် ဗန်ဒါဆား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တစ်ဦးဖြစ်သလို လက်ရှိ အေဂျက်ဇ် အသင်းရဲ့ အကြီးအကဲ တစ်ဦး အဖြစ်ပါ တာဝန်ယူနေရတဲ့ ဂိုးသမားဟောင်း အက်ဒဝင် ဗန်ဒါဆား က အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ်ကို ယူနိုက်တက်တို့ ခေါ်ယူချင်နေတဲ့ သတင်းအပေါ် အကောင်းမြင်နေခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့လတုန်းက နည်းပြ ဆိုးလ်ရှား နဲ့ လမ်းခွဲခဲ့ပြီး လက်ထောက် နည်းပြ ကာရစ်ကို ယာယီ နည်းပြ ခန့်အပ်ခဲ့တဲ့နောက် မကြာမီမှာပဲ ယာယီ နည်းပြသစ် အဖြစ် RB လက်ပ်ဇစ် နည်းပြဟောင်း ရဲ့လ်ဖ် ရန်းဂနစ် ကို ခေါ်ယူခဲ့ပါတယ် ။

ရဲ့လ်ဖ် ရန်းဂနစ် ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီ နည်းပြ အဖြစ် 6 လမျှသာ တာဝန်ယူ လုပ်ကိုင်မှာ ဖြစ်ပြီး လက်ရှိ ရာသီ ကုန်ဆုံးတာနဲ့ အသင်းရဲ့ အကြံပေး အဖြစ် နောက်ထပ် 2 နှစ်ဆက် တာဝန်ယူ အလုပ်လုပ်သွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။

အဲ့ဒီလို အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ အခုချိန် ကတည်းက စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရပါတယ် ။ လက်ရှိ အချိန်မှာတော့ ဒီအတွက် PSG နည်းပြ ဖြစ်သူ မော်ရီစီယို ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ် ။

ဒါ့အပြင် အေဂျက်ဇ် နည်းပြ အဲရစ် တန်ဟတ် ကလည်း ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးနေခဲ့ပါသေးတယ် ။ အခုတော့ ဗန်ဒါဆား က သူတို့ လုပ်နေခဲ့တာတွေ မှန်ကန်နေခဲ့တဲ့ အတွက် အခုလို သတင်းတွေ ထွက်နေရတာ ဖြစ်ကြောင်း ၊ ဒါဟာ ဂုဏ်ယူစရာ ဖြစ်ကြောင်း အကောင်းမြင် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” အခုလို သတင်းတွေ ထွက်ပေါ်နေခြင်းက ကျွန်တော်တို့ အလုပ်တွေ ကောင်းကောင်းလုပ်နိုင်တယ်လို့ ပြောနေခြင်းပါပဲ ။ အသင်းရဲ့ ကစားသမားတွေနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ ပြောရပါ့မယ် ။ သူတို့ ကစားတာ ကောင်းရင် စိတ်ဝင်စားသူတွေ ပေါ်ပေါက်လာမှာပါပဲ ”

” ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ကစားသမား ၊ နည်းပြတွေကို စိတ်ဝင်စားသူ ရှိနေတယ်ဆိုတာက.. ကျွန်တော်တို့ အတိတ်တွေ ကောင်းမွန်တယ် ပြောနေခြင်းပါပဲ ။ ဒါ့ကြောင့် သတင်း ထွက်ရင် ထွက်ပါစေ ၊ ကွက်လပ်တစ်ခု ဖြစ်သွားရင် အလျင်မီ ဖြည့်နိုင်ဖို့ပဲ လိုအပ်ပါတယ် ”

” အဲ့တာမျိုးတွေအတွက် ကျွန်တော်တို့ အမြဲတမ်း အသင့်ရှိနေဖို့ပဲ လိုအပ်ပါတယ် ” လို့ ဗန်ဒါဆား က ကောလဟာလ သတင်းတွေ ကျယ်လောင်နေမှုနဲ့ ပတ်သက်လို့ အပေါင်း လက္ခဏာဆောင်တဲ့ သူ့ရဲ့ အတွေးတွေကို ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

လက်ရှိရာသီမှာတော့ စပို့တင်း ၊ ဒေါ့မွန် ၊ ဘက်ဆစ်တပ် အသင်းတွေနဲ့ ချန်ပီယံလိဂ် အုပ်စုတစ်ခုထဲ ကျရောက်နေခဲ့တဲ့ အေဂျက်ဇ် အသင်းဟာ ပွဲစဉ် 6ပွဲလုံးကို အနိုင်ကစား နိုင်ခဲ့ပြီး နောက်တစ်ဆင့်ကို သက်သောင့်သက်သာပဲ တက်ရောက်သွားနိုင်ခဲ့ပါပြီ ။

အခြားတဖက်မှာတော့ အေဂျက်ဇ် အသင်းဟာ 2019 ခုနှစ်တုန်းက နည်းပြ အဲရစ်တန်ဟတ် ရဲ့ ဦးဆောင်မှုနဲ့အတူ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အဆင့်အထိ အံ့ဖွယ် တက်လှမ်းနိုင်ခဲ့တဲ့ အသင်း တစ်သင်း ဖြစ်နိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့် တန်ဟတ်ကို ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းသူတွေ ရှိနေခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar