ယူနိုက်တက်စတား အပါအဝင် ကစားသမား သုံးဦးကို ခေါ်ယူဖို့ နယူးကာဆယ်ကို တိုက်တွန်းလိုက်တဲ့ ရော့ဘ်လီ

နယူးကာဆယ် နဲ့ ဝက်စ်ဟမ်း အသင်းတို့ရဲ့ ကွင်းလယ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ရော့ဘ်လီ က အသင်းပိုင်ရှင် အသစ် ပိုင်ဆိုင်လိုက်ပြီ ဖြစ်တဲ့ အသင်းဟောင်း နယူးကာဆယ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ ကွင်းလယ်လူ လင်ဂတ်ကို ခေါ်ယူလိုက်သင့်ကြောင်း ထုတ်ပြောလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ်ဟာ ရာသီ အကုန်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ ဆိုးလ်ရှား ရှိခဲ့စဉ်က သူ့ကို စာချုပ် သက်တမ်း တိုးလိုခဲ့ပေမဲ့ သဘော တူညီမှုတော့ မရယူနိုင်ခဲ့ပါဘူး ။

အခုအတိုင်းသာဆိုရင် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခဲ့တဲ့ လင်ဂတ်ဟာ ရာသီ အကုန်မှာ ယူနိုက်တက် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားရနိုင်ခြေ များနေခဲ့ ပါတယ် ။ သူဟာ အသင်းဟောင်း ဝက်စ်ဟမ်းဆီ ပြောင်းဖို့ များနေတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ နယူးကာဆယ် အသင်းဟာလည်း ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံး အသင်းပိုင်ရှင်ကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်တဲ့အပြင် နောက်ရာသီ ကစားသမား အင်အား ဖြည့်တင်း သွားဖို့ ရှိနေတဲ့ အတွက် ဒီအသင်းဟာလည်း လင်ဂတ်အတွက် စိတ်ဝင်စားစရာ ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ် ။

အခုတော့ နယူးကာဆယ် အသင်းအတွက် ဘယ်သူတွေကို ခေါ်ယူစေလိုသလဲ ဆိုတဲ့ အကြောင်း အမေးခံလိုက်ရတဲ့ အချိန်မှာတော့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရော့ဘ်လီ က ယူနိုက်တက်မှ လင်ဂတ်ကို ထည့်သွင်းပြီး ပြောဆိုသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်ကတော့ ဂျက်စီ လင်ဂတ် ၊ ကီရန် ထရစ်ပီးယား နဲ့ ဂျိမ်းစ် တာကောစကီး လို့ပဲ ပြောချင်မိပါတယ် ။ လင်ဂတ်က ဂိုးတွေ သွင်းယူပေးနိုင်တဲ့ ကစားသမားပါ ။ နယူးကာဆယ် အသင်းမှာ လိုအပ်နေတာ အဲ့ဒီလို ကစား သမားမျိုး ပါပဲ ”

” ဝက်စ်ဟမ်း အသင်းကလည်း သူ့ကို ပြန်လည် ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေမှာ အသေအချာပါ ။ လင်ဂတ်ဟာ သူတို့တွေ အတွက် မယုံကြည်နိုင်ဖွယ် ကောင်းတဲ့ ကစားသမားကောင်း တစ်ဦး ဖြစ်နိုင်ခဲ့တယ်လေ ။ လင်ဂတ်ဟာ ခွန်အားကောင်းတဲ့ ကစားသမားပါ ”

” လင်ဂတ်ဟာ ကွင်းအနှံ့ ပြေးလွှား ကစားနိုင်သလို ဂိုးတွေ သွင်းယူရင်း ဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်သူ တစ်ဦးပါပဲ ” လို့ ရော့ဘ်လီ က သူ့ရဲ့ အတွေးကို ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာ ထရစ်ပီယားဟာ အက်သလက်တီကို မက်ဒရစ် အသင်းမှာ ရှိနေပေမဲ့ အင်္ဂလန်မြေကို ပြန်လည် ပြောင်းရွှေ့လာဖို့ စိတ်အားထက်သန်နေပါတယ် ။ အေတီကို အသင်းကလည်း ကစားသမား အတွက် သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားဖို့ ရှိနေတယ်လို့ သိရပါတယ် ။

#Sports_Myanmar