မော်တင်ဟို ရဲ့ လက်ထိဘောကို ပင်နယ်တီ ပေးတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ထောက်ခံလိုက်တဲ့ ဒိုင်လူကြီးဟောင်း ခရစ်ဖွိုင်းလ်

မနေ့ညက ဝုဖ် နဲ့ ပွဲ မကစားခင် အချိန်ထိ မန်စီးတီး ရဲ့ ပရီးမီးယားလိဂ် ခြေစွမ်းက တော်တော်လေးကို စွာလွန်းပါတယ်။ ပုံစံကောင်း ရနေတဲ့ ပြိုင်ဘက်တွေကိုတောင် အလွယ်တကူ နဲ့ အနိုင်ယူပြခဲ့သလို ၊ နိုင်ပွဲ မှတ်တမ်းတွေလဲ ဆက်တိုက် သိမ်းပိုက်ခဲ့တာပါ။

သို့သော် ဝုဖ် နဲ့ ရင်ဆိုင် ကစားချိန်မှာတော့ ဂိုးပေါက်တွေ့ဖို့ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ ဒီရာသီမှာ ရဂိုးလဲ မများသလို ၊ ပေးဂိုးလဲ နည်းတဲ့ ဝုဖ် ရဲ့ ကစားပုံဟာ အသင်းကြီးတွေ ကို ခံစစ်ပိတ် ကစားရာမှာ တော်တော်လေးကို ကျစ်လစ်မှု ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မန်စီးတီး ဟာ တစ်ချိန်လုံး တိုက်စစ်ကို တရစပ်ပုံဖော် ခဲ့သော်လဲ ဝုဖ် နောက်ခံလူတွေ နဲ့ ဂိုးသမား ကောင်းလွန်းလို့ ဦးဆောင်ဂိုး ကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ခဲ့ခြင်း မရှိပါဘူး။

သို့သော် ဒီပွဲ ရဲ့ အလှည့်အပြောင်းကို အခိုက်အတန့် 2 ခု က ဖန်တီးပေးသွားခဲ့ပါတယ်။ ပထမ တစ်ခုကတော့ ဝုဖ် တိုက်စစ်မှုး ဂျီမီးနပ် ဟာ မလိုလားအပ်တဲ့ သူ့ရဲ့ အပြုအမူတွေကြောင့် အနီကဒ် ပြခံလိုက်ရတာ ဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ သူ့ရဲ့ ဖျက်ထုတ်ပုံ ကြမ်းတမ်းလို့ ဒိုင်လူကြီးက ဂျိုနသန် မော့စ်က အဝါကဒ် ပြလိုက်ပါတယ်။ ဒါကို သူက မကျေမနပ် ဖြစ်ပြီး ဆက်တိုက် စောဒက တက်ခဲ့တာကြောင့် အိမ်ရှင် ပရိသတ်တွေဟာ အော်ဟစ် လှောင်ပြောင်းရင်း ၊ ဖိအားတွေ ဝင်စေခဲ့တာပါ။

အဲဒီ အနေအထားမှာ မန်စီးတီး က ပြစ်ဒဏ်ဘော ကန်လိုက်ချိန် ၊ ဂျီမီးနပ် က ရှေ့ကနေ ကာဆီး ကာဆီး လုပ်ထားတဲ့အတွက် နောက်ထပ် တစ်ဝါ ထပ်ပြီး ပြခံလိုက်ရပါတယ်။ အချိန် 31 စက္ကန့် အတွင်း သူ့ရဲ့ မိုက်မဲလွန်းတဲ့ လုပ်ရပ်ကြောင့် အဝါကဒ် 2 ခု ဆက်တိုက် ပြခံလိုက်ရပြီး ၊ ထုတ်ပယ်ခံလိုက်ရပါတယ်။

ဒါကြောင့် ဝုဖ်ဟာ ဒုတိယ ပိုင်းတစ်ခုလုံး တစ်ယောက်လျှော့ နဲ့ ကစားခဲ့ရပါတယ်။ သို့သော် ပွဲကို စတင်ချဉ်းကပ် လာ ကတည်းက ခံစစ်ကို ဦးစားပေး ကစားနေတာ ဖြစ်လို့ ၊ တစ်ယောက် နည်းသွားပေမယ့် ဝုဖ် ရဲ့ ကစားပုံက ပျက်ယွင်းသွားခြင်း မရှိပါဘူး။ အကွက်စေ့စေ့ နဲ့ ကစားရင်း မန်စီးတီး ရဲ့ တိုက်စစ်ဆင်မှုတွေ ကို ကာကွယ် ထားနိုင်ခဲ့ ပါတယ်။

ပွဲရဲ့ အလှည့်အပြောင်းဟာ 18 ကိုက် အတွင်း ကွင်းလယ် ကစားသမား မော်တင်ဟို လက်ထိသွားလို့ ပင်နယ်တီ သတ်မှတ်ပေးလိုက်တာ ကနေ ပေါ်ပေါက်လာခဲ့တာပါ။ ဘာနာဒို ဆေးဗား ရဲ့ ဖြတ်တင်ဘောကို တားဆီးရာကနေ တဆင့် ဘောလုံးဟာ လက်မောင်းရဲ့ အပေါ်ပိုင်း ကို ထိမှန်သွားရာကနေ ၊ ဒိုင်လူကြီး ဂျိုနသန် မော့စ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဘောလုံး စည်းမျဉ်းတွေ အရတော့ ပုခုံး နဲ့ တံတောင်ဆစ် အလယ်ခေါင် တည့်တည့်ရဲ့ အထက်ပိုင်း နေရာနဲ့ ထိရင် လက်ထိဘောလို့ သတ်မှတ်ခြင်း မရှိပဲ ၊ အောက်ပိုင်းနဲ့ ထိမှသာ လက်ထိဘော အဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

VAR အနှေး ပြကွက်တွေ အရ ရှုထောင့် ပေါင်းစုံကနေ ပြန်ကြည့်ခဲ့ကြပေမယ့် လက်ထိသွားတဲ့ အနေအထား ဟာ ရှင်းရှင်းလင်းလင်းတော့ မမြင်ရပါဘူး။ တကယ်ပဲ လက်ထိသလား ၊ အငြင်းပွားဖွယ်ရာ အနေအထားလား ဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။

သို့သော် ဒိုင်လူကြီးဟောင်း ခရစ် ဖွိုင်း ကတော့ မော်ရင်ဟို ဟာ လက်ကို မြှောက်ထားတာ ဖြစ်လို့ Block လုပ်တဲ့ ရည်ရွယ်ချက်မျိုး ဖြစ်သလို ၊ ဂိုးသွင်းဖို့ ဖန်တီးတဲ့ အခြေအနေ တစ်ခုကို နှောက်ယှက်တာ ဖြစ်လို့ ကွင်းလယ် ဒိုင် ပင်နယ်တီ ပေးတဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ်လို့ ထောက်ခံချက် ပေးသွားခဲ့ပါတယ်။

“ ဒီ အဖြစ်အပျက် အငြင်းပွားချင်စရာ အကောင်းဆုံး အနေအထားတွေက တစ်ခုပါပဲ။ မော်တင်ဟို က လက်ကို မြှောက်ပြီး ဝင်လိုက်လို့ ထိသွား ကတည်းက မော့စ် က ပင်နယ်တီ ပေးဖို့ ခရာကို ချက်ခြင်း မှုတ်လိုက်ပါပြီ။

မော်တင်ဟို ရဲ့ လက်က လေထိမှာ လုံး၀ မြှောက်တက်နေတာပါ။ ဒီတစ်ခုတည်းနဲ့တင် ဘာလို့ ပင်နယ်တီ ပေးလဲ ဆိုတာ နားလည်ပေးလို့ရမယ် ထင်ပါတယ်။ မော်တင်ဟို ကတော့ လက်မောင်း အထက်ပိုင်း နဲ့ ထိသွားတာ ဆိုပြီး စောဒက တက်ပေမယ့် ၊ ရုပ်သံ အနှေးပြကွက်တွေ အရ အဲဒီ အချက်ကို ကောင်းကောင်း မမြင်ရပါဘူး။

ပထမ တစ်ကြိမ် ဂရစ်လစ်ချ် ရဲ့ ဖြတ်တင်ဘောကို တားဆီးတုန်းကတော့ VAR ဒိုင်က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ၊ ဒီတစ်ကြိမ်မှာတော့ အလားတူ ထပ်ပြီး လုပ်ခွင့် မရှိတော့ဘူးလေ” လို့ ခရစ် ဖွိုင်း သုံးသပ်သွားခဲ့ ပါတယ်။

SPORTS MYANMAR