မိုရာတာ ကို လိုချင်နေတဲ့ ဘာစီလိုနာ ၊ အဲဒီ ကွက်လပ်ကို ပြန်လည် အစားထိုးဖို့ အိုရီဂီ ကို ပစ်မှတ်ထားလာတဲ့ ယူဗင်

မန်စီးတီး က ဖာရန် တောရက် ကို စောစောစီးစီး ခေါ်ယူထားပြီးပြီ ဖြစ်သော်လဲ ၊ ဇာဗီ ဟာ သူ့ရဲ့ တိုက်စစ်ကို ထပ်မံ ဖြည့်တင်းဖို့ အတွက် ဟန်ပြင်နေဆဲ ဖြစ်ပါတယ်။

ယူဗင် ကလဲ ဒီရာသီမှာ ပုံစံကောင်းတွေ ပြန်ရဖို့ ရုန်းကန်နေရသလို ၊ ဂိုးသွင်းနှုန်းတွေပါ ဆက်တိုက် ကျဆင်းနေတာပါ။

ဒီအနေအထားမှာ လက်ရှိ တူရင်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ စပိန် တိုက်စစ်မှုး မိုရာတာ ကို ဘာစီလိုနာ က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ကတ်တလန် ရေဒီယို ရဲ့ ကြေငြာချက် အရ ဘာစီလိုနာ နဲ့ ယူဗင် တို့ အကြား မိုရာတာ ကို အပြောင်းအရွှေ့ လုပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံ စကားပြောကြာဖို့ ကနဦး သဘောတူညီချက် ရရှိထားပြီ လို့ သိရပါတယ်။

ယူဗင် ဟာ မိုရာတာ ကို အေတီကို ဆီကနေ 2 ရာသီ အငှားချခ ယူရို သန်း 20 နဲ့ ခေါ်ယူထားတာ ဖြစ်ပြီး ၊ 2022 ခုနှစ် ဇွန်လ ရောက်ရင် ယူရို သန်း 30 နဲ့ အပြီးသတ် ခေါ်ယူဖို့ စာချုပ်မှာ သဘောတူ ချုပ်ဆိုခဲ့ကြပါတယ်။ သို့သော် လက်ရှိမှာ အသင်းနဲ့ အံဝင်ခြင်း မရှိတာကြောင့် ယူဗင် ကလဲ အပြီးသတ် ခေါ်ယူတော့မှာ မဟုတ်ပဲ ဘာစီလိုနာ ထံ ရောင်းချချင်နေတာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားမှာ မိုရာတာ ရဲ့ အပြောင်းအရွှေ့ အတွက် ယူဗင် နဲ့ ဘာစီလိုနာ တို့ စကားပြောနေပြီ ဖြစ်ပေမယ့် ၊ သူ့ရဲ့ မိခင် ကလပ် အေတီကို က ပါဝင်လာခြင်း မရှိသေးပါဘူး။ ဒါကြောင့် တကယ်တမ်း အပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက် ဆိုရင် သုံးဦး မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်မှ အဖြေက ပေါ်လာမှာပါ။

ဘာစီလိုနာ ကတော့ သူတို့ ရဲ့ လစာပေးချေမှု ကိုပါ တပါတည်း လျှော့ချချင်နေတဲ့ အတိုက် နယ်သာလန် တိုက်စစ် ကစားသမား ဒီပေး ကို အလိုက်ပေး ကမ်းလှမ်းထားပါတယ်။ ဒီပေး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ လီယွန် ကနေ အလွတ်ကြေး နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ကာ ၊ 2023 ခုနှစ် အထိ စာချုပ် ချုပ်ဆိုထားပါတယ်။

သို့သော် ယူဗင် နည်းပြ အလီဂရီ က ဒီပေးကို သဘောမကျပါဘူး။ သူက မိုရာတာ ကို ရောင်းချပြီး တိုက်စစ် မြှားဦးမှာ ကစားပေးနိုင်တဲ့ ကစားသမားမျိုးကိုပဲ လိုချင်နေတာ ဖြစ်လို့ ဘာစီလိုနာ ရဲ့ အဆိုကို ပယ်ချထားပါတယ်။

တစ်ချိန်တည်းမှာ ယူဗင် ကလဲ မိုရာတာ ရဲ့ နေရာကို အစားထိုးမယ့် တိုက်စစ်မှုး တစ်ယောက်ကို ဈေးကွက်အတွင်း ဝင်ရောက် ရှာဖွေနေပါပြီ။ အာဆင်နယ် က အူဘာမီးယန်း ကို ခေါ်ယူလို့ ရနိုင်မှန်း သိသလို ခြေစွမ်းအားဖြင့်လဲ သဘောကျပေမယ့် ၊ ပေးချေရမယ့် လစာ ပမာဏ များလွန်းလို့ လက်ရှောင်ထားတယ်လို့ အီတလီ သတင်းတွေ က ဖော်ပြထားပါတယ်။

တချို့ သတင်းတွေမှာတော့ လီဗာပူး တိုက်စစ်မှုး အိုရီဂီ ကို ယူဗင် က စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ အိုရီဂီ ဟာ လီဗာပူး မှာ ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်သော်လဲ ဒီရာသီမှာ အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ ကို သွင်းပေးထားပါတယ်။

သို့သော် လီဗာပူး ကလဲ ဇန်နဝါရီ ကာလမှာ ဆာလာ ၊ မာနေး တို့ကို အာဖရိက ဖလား စေလွှတ်ရမှာ ဖြစ်လို့ ၊ အိုရီဂီ ကို ရောင်းချပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

သေချာတာ တစ်ခုက ဘာစီလိုနာ ရဲ့ တိုက်စစ်မှုး ရှာပုံတော်ကြောင့် ဇန်နဝါရီ ဈေးကွက်ဟာ မထင်မှတ်ပဲ နဲ့ တိုက်စစ် ကစားသမား အပြောင်းအရွှေ့ ကွင်းဆက် အလိုက် ပေါ်ပေါက်လာနိုင်ဖွယ် ရှိနေပါတယ်။

SM