မိုက်ကယ် အက်ဒ်ဝပ် ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲ မက်ဒရစ်

စပိန် အင်အားကြီး ကလပ် တစ်ခုဖြစ်တဲ့ ရီးရဲ မက်ဒ ရစ်ဟာ လီဗာပူး ရဲ့ အားကစား ဒါရိုတ်တာ မိုက်ကယ် အက်ဒ်ဝပ် ကို ခေါ်ယူဖို့ အတွက် တရားဝင် ချဉ်းကပ်မှုတွေ လုပ်ဆောင်လျှက် ရှိနေပြီး ၊ အောင်မြင်မှု ရှိလိမ့်မယ်လို့လဲ ယုံကြည်လျှက် ရှိနေပါတယ်။

မိုက်ကယ် အက်ဒ်ဝပ် ကို ကန့်လန့်ကာ နောက်ကွယ်ကနေ လီဗာပူး ရဲ့ အောင်မြင်မှုတွေကို ပုံဖော်ခဲ့သူလို့ လူသိများပြီး ၊ ကစားသမား အရောင်းအဝယ် ကိစ္စနဲ့ ၊ အသင်း ကစားဟန် နဲ့ ကိုက်ညီမယ့် ကစားသမားသစ် ခေါ်ယူရာမှာလဲ ထူးချွှန်ပြောင်မြောက်လွန်းတာကြောင့် သူ့ကို ဂုရုကြီး တစ်ပါး အဖြစ်တောင် တင်စားထားကြပါတယ်။

ယာဂန် ကလော့ပ် က ကွင်းထဲက အောင်မြင်မှုတွေကို ရအောင် ယူပြခဲ့သလို ၊ အက်ဒ်ဝပ် ကလဲ ကလော့ပ် စိတ်ကြိုက် ကစားသမားမျိုးတွေကိုမှ မိမိရရဖြစ်အောင် ရှာဖွေပြခဲ့ပါတယ်။ အထူးသဖြင့် သူခေါ်ယူလိုက်တဲ့ ကစားသမားတိုင်းဟာ လီဗာပူး ရောက်မှ တန်းဖိုးတွေ ဆက်တိုက် မြင့်တက်ခဲ့သလို ၊ စွမ်းဆောင်ရည်တွေ ကလဲ ထင်မှတ် မထားအောင် တိုးတက်လာတာ ဖြစ်လို့ သူ့ လုပ်ဆောင်ချက်တွေက ပိုပြီး ပေါ်လွင်လာပါတယ်။

ဒီနှစ်ရာသီ အကုန်မှာတော့ သူဟာ လီဗာပူး နဲ့ လမ်းခွဲတော့မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာထားပြီးပါပြီ။ လက်ရှိ အားကစား ဒါရိုတ်တာ ရာထူးမှာ ဆက်ရှိနေသည့်တိုင်အောင် ၊ လုပ်ငန်းစဉ် အားလုံးကို တာဝန်ယူ လုပ်ကိုင်တော့ခြင်း မရှိပဲ လက်ထောက် ဖြစ်သူ ဂျူလီယံ ဝါ့ဒါ ကို အကုန်လွဲထားပြီးသား ဖြစ်ပါတယ်။

အက်ဒ်ဝပ် ကတော့ ဘေးကနေ ကြီးကြပ်ဝန်းရံပေးရုံ နဲ့ လုပ်ငန်းတွေကို တဆင့်ချင်း လွဲပြောင်းပေးနေတဲ့ အချိန်မျိုး ဖြစ်ပါတယ်။

မကြာခင်ကမှ ဆော်ဒီ သူဌေးတွေ က ဝယ်ယူလိုက်တဲ့ နယူးကာဆယ် အသင်းဟာ မိုက်ကယ် အက်ဒ်ဝပ် ကို အားကစား ဒါရိုတ်တာသစ် အဖြစ် ခန့်အပ်ဖို့ တရားဝင် ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ သို့သော် ကာယကံရှင် ကိုယ်တိုင်က ကလပ် ရဲ့ ပေါ်လစီ နဲ့ သူ့ရဲ့ သဘောထားတွေဟာ ကိုက်ညီမှု လုံး၀ မရှိနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်မျိုး နဲ့ ချက်ခြင်း ပယ်ချခဲ့ပါတယ်။

သို့သော် ရီးရဲ မက်ဒရစ် က ချဉ်းကပ်လာချိန်မှာတော့ အဲဒီလိုမျိုး တုန့်ပြန်မှုတွေ မတွေ့ရပါဘူး။

ကိုဗစ်ကြောင့် စီးပွားဆိုင်ရာ ထိခိုက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့ ရီးရဲ မက်ဒရစ် ဟာ တစ်ချိန်က သူတို့ အသင်း ရယူဖူးတဲ့ အောင်မြင်မှုတွေ ကို ဆွတ်ခူးနိုင်ဖို့ အတွက် အသင်းကို အိုက်ဒီယာသစ်တွေ နဲ့ ပြန်လည် တည်ဆောက်ဖို့ အားယူလျှက် ရှိနေပါတယ်။

လက်ရှိ ဥက္ကဌ ပီရက်ဇ် ကလဲ မိုက်ကယ် အက်ဒ်ဝပ်လို လူငယ် အားကစား ဒါရိုတ်တာ တစ်ယောက် နဲ့ လက်တွဲပြီး ၊ အသက်ကြီးနေတဲ့ သူတို့ရဲ့ ကစားသမား စာရင်းမှာ သွေးသစ်တွေ ပြန်လောင်းချင်နေတာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ကာလတွေ အတွင်း ကြည့်လိုက်မယ် ဆိုရင်လဲ ရီးရဲ မက်ဒရစ် ရဲ့ ကစားသမား ခေါ်ယူမှု က နည်းပါးလာပြီး ၊ အလွတ်ကြေး နဲ့ ရနိုင်မယ့် Ready Made ဘောလုံးကြီးတွေကိုပဲ ပစ်မှတ်ထားလာတာ တွေ့ရပါတယ်။

လက်ရှိ အချိန်ထိတော့ နှစ်ဖက် သဘောတူညီမှု ရတဲ့ အဆင့်မျိုး မရောက်သေးပဲ ၊ အခြေခံ အချက်တွေလောက်သာ ဆွေးနွေးနေကြဆဲလို့ နားလည်ရပါတယ်။

နဂို ကတည်းကမှ သိုသိုသိပ်သိပ် နေတတ်တဲ့ မိုက်ကယ် အက်ဒ်ဝပ် က လီဗာပူး နဲ့ လမ်းခွဲလိုက်တဲ့ ရည်ရွယ်ချက်ဟာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ချင်လို့ ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် သူ့ရဲ့ စာမျက်နှာသစ်ဟာ ဘာနေဗျူးမှာ ဖွင့်လှစ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SPORTS MYANMAR