မာဆေးဆိုက်ဒါဘီရဲ့ ပထမပိုင်းအပြီးမှာ ယာဂန်ကလော့ မှာကြားခဲ့တဲ့ မက်ဆေ့ချ်ကို ပြောပြခဲ့တဲ့ မိုဆာလား

မနေ့ညက အဲဗာတန်ကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒီရာသီ စုစုပေါင်း သွင်းဂိုး ၁၉ ဂိုး ရရှိခဲ့ပြီးနောက် မိုဟာမက်ဆာလားက သူ့ရဲ့ အဓိက ပစ်မှတ်ဟာ တစ်ဦးချင်းဆုတွေ မဟုတ်ဘဲ ဆုဖလားတွေ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဆာလားဟာ ပထမပိုင်းမှာ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ ဖန်တီးမှုကနေ လှလှပပ အဆုံးသတ်ခဲ့တဲ့ အပြင် ဒုတိယဂိုးမှာ ဆိုရင်လည်း ကိုမန်းရဲ့ အမှားကနေ ဘောလုံးရရှိပြီး တောက်လျှောက် ဆွဲပြေးကာ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး အတွက် အပိတ်ဂိုးကိုတော့ ဒီယေဂိုဂျိုတာက သွင်းယူခဲ့တာပါ။

အဆိုပါ ပွဲစဉ်အပြီးမှာ ဆာလားက အသင်းနဲ့ အတူ ဆုဖလား ရဖို့ကသာ သူ့အတွက် ပထမဦးစားပေး ရည်မှန်းချက် ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆာလားက “ဂိုးတွေ အများကြီး ထပ်သွင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးစားပေး ပစ်မှတ်က ကလပ်နဲ့ အတူ ဆုဖလားတွေ ရဖို့ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဖလား ၂ ခုစလုံး ရဖို့ မျှော်လင့်နေပါတယ်။ ဒါဟာ အားလုံးရဲ့ အဓိက ပစ်မှတ် ပါပဲ။ ဒီနေ့ ရလဒ်ဟာ အရမ်းကို ကောင်းပါတယ်။

ဂွတ်ဒီဆင်ပက်ကို လာပြီး ကစားပုံကောင်းကောင်းနဲ့ အနိုင်ကစားခဲ့တဲ့ အပြင် ၄ ဂိုးသွင်းနိုင်ခဲ့တာကလည်း မယုံနိုင်စရာပါပဲ။ ဒါဟာ ဒီပွဲကနေ ကျွန်တော်တို့ ရယူနိုင်တဲ့ positive တွေပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ကလော့ရဲ့ အသင်းဟာ ပွဲအစ ၁၉ မိနစ်မှာတင် ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီမာရိုင်းဂရေးဟာ ပထမပိုင်း မပြီးခင် အဲဗာတန် အတွက် တစ်ဂိုး ပြန်လည် ချေပခဲ့တာကြောင့် လီဗာပူးတို့ ဖိအား ဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကစားပုံ တည်ငြိမ်ခဲ့တဲ့ လီဗာပူးအတွက် ဆာလား ဂျိုတာ တို့က ဂိုးတွေ သွင်းယူခဲ့ကာ ပွဲအပြီးမှာ ၄-၁ နဲ့ နိုင်ခဲ့ပါတယ်။

ဆာလားက “ပထမပိုင်း အပြီးမှာ မန်နေဂျာက ‘အဲဗာတန်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အားပြုကာ ကစားသွားတော့မယ်။ ဘောလုံးတိုင်း အတွက် ၁၀၀% challenge တွေ လုပ်သွားလိမ့်မယ်။ ငါတို့ ကိုယ့်ပုံစံအတိုင်းပဲ ကစားသွားဖို့ လိုအပ်တယ်။ ဘောလုံးကို ကိုင်ကစားပြီး အခွင့်အရေးကောင်းတွေ ဖန်တီးဖို့ ကြိုးစားပါ။’ ဆိုတဲ့ မက်ဆေ့ချ် ပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို လုပ်ခဲ့ပါတယ်။”

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အပြီးမှာ သွင်းဂိုး ၄၃ ဂိုးထိ ရရှိထားခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၃ ဂိုးကျော် သွင်းယူထားကာ လိဂ်ပြိုင်ပွဲရဲ့ တိုက်စစ် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

အသင်းရဲ့ ဒီလို တိုက်စစ်ပုံစံကောင်း ရနေမှုနဲ့ ပက်သက်ပြီး ဆာလားက “ကျွန်တော်တို့ တစ်ဦး အကြောင်း တစ်ဦး ပိုမို သိလာတာကြောင့်လို့ ထင်ပါတယ်။

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက် အတူ တွဲကစားလာခဲ့တာပါ။ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရပါတယ်။ တစ်နှစ်က ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အမှတ်ပေးဖလားကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကျွန်တော် ပြောနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အခုချိန်မှာ ကျွန်တော်တို့ တစ်ဦး အကြောင်း တစ်ဦး ကောင်းကောင်း သိနေပါတယ်။ ဂိုးတွေ သွင်းယူနိုင်ဖို့ နိုင်ပွဲတွေ ရရှိဖို့ အတွက် ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး ပွဲအတွင်းမှာ ကူညီဖို့ ကြိုးစားကြပါတယ်။”

SM