မန်ယူနိုက်တက် နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်း ကစားသမား တစ်ဦးကို သူမတူအောင် ကောင်းတဲ့သူလို့ ချီးကျူးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ဟာ သူ့ရဲ့You Tube Channel မှာ အာဆင်နယ် အသင်း ဂိုးသမား အာရွန် ရမ်စ်ဒဲလ် ကို သူမတူအောင် ထူးကဲ ကောင်းမွန်လွန်းတဲ့ ဂိုးသမားလို့ ထုတ်ဖော် ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရှက်ဖီးယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ရမ်စ်ဒဲလ် ကို ခေါ်ယူ ခဲ့တာပါ ။အာရွန် ရမ်စ်ဒဲလ် ဟာ ရောက်ခါစမှာ သူ ဖမ်းခဲ့တဲ့ အသင်းတိုင်း တန်းဆင်းရတယ် ဆိုပြီး ဝေဖန် လှောင်ပြောင်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။

ဒါပေမယ့်လည်း ရမ်စ်ဒဲလ် ဟာ အာဆင်နယ် အတွက် စတင် ပွဲထွက်ခွင့် ရတဲ့ အချိန်ကတည်းက လက်စွမ်းကောင်းတွေ ပြသပြီး သူ့အပေါ် ဝေဖန်သံတွေ တိတ်ဆိတ်အောင် လုပ်နိုင်ခဲ့ပါတယ် ။ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် အရင်က ပွဲထွက် ဂိုးသမား လီနို တစ်ယောက် အရန်ခုံရောက်သွားရတဲ့ အထိပါပဲ ။

ရမ်စ်ဒဲလ် ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ပွဲထွက် ကစားရာမှာ Clean-Sheet ၆ ပွဲ အထိ ရယူ ထားနိုင်ပြီး ထိပ်တန်း ကာကွယ်မှုတွေ အများအပြား ပြုလုပ် နိုင်ခဲ့ပါတယ် ။ သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့သလို အာဆင်နယ် အသင်းရဲ့ အောက်တိုဘာလ တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ်လည်း ရွေးချယ် ခံခဲ့ရပါတယ် ။

မန်ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန် ကလည်း ရမ်စ်ဒဲလ် ကို ခေါ်ယူ ခဲ့တဲ့ အာဆင်နယ် အသင်းကို ချီးကျူး သွားခဲ့ပြီး အင်္ဂလန်သားရဲ့ လက်ရှိ လက်စွမ်းဟာ သူမတူအောင် ကောင်းလွန်းနေတယ်လို့ ဆိုပါတယ် ။

” ရမ်စ်ဒဲလ် ကို ခေါ်ယူ လိုက်နိုင်တာက တကယ့်ကို ကောင်းမွန် မှန်ကန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်ပါတယ် ။ သူ့ကို သံသယ ဝင်ခဲ့ကြတဲ့ လူတွေ အများကြီး ရှိခဲ့ပါတယ် ၊ သူက ကစားသမားဘဝ မှာ တန်းနှစ်ခါ သုံးခါလောက် ဆင်းခဲ့ဖူးတာကြောင့်ပါ ။ ”

” ဒါပေမယ့် သူ က ဂိုးပေါက် ကာကွယ်မှုတွေကို ပုံမှန် လုပ်နေကြ အရာ တစ်ခုလို လုပ်ပြ နိုင်နေပါတယ် ၊ အသင်းအတွက် Clean-sheet တွေ အများကြီး ရယူပေးနိုင်ကြောင်း ပြသနေပါတယ် ။ ၁၀ ပွဲမှာ Clean-Sheet ၆ ကြိမ် ရထားတယ်ဆိုတာက တကယ့်ကို သူမတူအောင် ကောင်းလွန်းတယ်ပဲ ဆိုရမှာပါ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် မန်ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

SM