မန်ယူနိုက်တက် နဲ့ ပွဲက အာတီတာ ရဲ့ဆုံးဖြတ်ချက် တစ်ခုကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အွန်နရီ

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ က မန်ယူနိုက်တက် အသင်းကို ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ရတဲ့ ပွဲမှာ အသင်း ခေါင်းဆောင် အူဘာမီယန်း ကို လူစားလဲခဲ့တဲ့ အာတီတာ ရဲ့ဆုံးဖြတ်ချက်ကို နားမလည် နိုင်အောင် ဖြစ်ရကြောင်း ဝေဖန် သွားခဲ့ပါတယ် ။

 

ဒီနေ့ မနက်မှာ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ် အသင်းဟာ စမစ်ရို ရဲ့ volley ကန်ချက်နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်း ပြီးခါနီးမှာ ဖရက်ဒ် ရဲ့ပေးပို့မှုကနေ ဖာနန်ဒက်စ် က ယူနိုက်တက် အတွက် ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ ရော်နယ်ဒို ဟာ မန်ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပြီး မိနစ်ပိုင်း အကြာမှာပဲ အိုဒီဂွါဒ် က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပါတယ် ။ ဒါပေမယ့် အိုဒီဂွါဒ် ရဲ့ပေါ့ဆတဲ့ ဖျက်ထုတ်မှုကြောင့် အာဆင်နယ် အသင်း ပင်နယ်တီ ပေးလိုက်ရပြီး ရော်နယ်ဒို ကပဲ အမှားအယွင်း မရှိ အဆုံးသတ် နိုင်ခဲ့ကာ ၃-၂ ဆိုတဲ့ ရလဒ် နဲ့ ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ယူနိုက်တက် နဲ့ ပွဲတွင် ပွဲချိန် ၇၉ မိနစ်မှာ အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း ကို လာကာဇက် နဲ့ လူစား လဲခဲ့ပါတယ် ။ အာတီတာ ရဲ့ အဲ့ဒီ ဆုံးဖြတ်ချက်ကို အွန်နရီ ကတော့ သဘောမကျ ဖြစ်နေပြီး Amazon Prime မှာ ဝေဖန် သွားခဲ့ပါတယ် ။

” ကျွန်တော် တစ်ခု နားမလည်နိုင်တာက အူဘာမီယန်း က အသင်းရဲ့ ကပ္ပတိန် ၊ အသင်းရဲ့ ဂိုးသွင်းသူ ၊ သူကိုယ်တိုင် အသင်း ခေါင်းဆောင် အဖြစ် တာဝန် ပေးထားသူလေ ။ ပွဲချိန် မိနစ် ၂၀ ကျန်နေသေးတယ် ၊ ကိုယ့် အသင်းက ၃-၂ နဲ့ ရှုံးနေတယ် ၊ အဲ့ဒီအချိန်မှာ သူက အူဘာကို လူစားလဲ လိုက်တယ်ဗျာ ။ ”

” အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့် နေချိန် ကျွန်တော့်ကို လူစားလဲလိုက်တာမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး ၊ ဂိုးလိုအပ်နေချိန်မှာ ကိုယ့် အသင်းခေါင်းဆောင်ကို ထုတ်လိုက်တဲ့ လုပ်ရပ် အပေါ် လုံးဝ နားမလည် နိုင်ပါဘူး ၊ သူက အသင်းအတွက် ဂိုးသွင်းပေးနိုင်တဲ့သူလေဗျာ ။ ”

” အာတီတာ က အသင်းရဲ့ နည်းပြ ဖြစ်တာကြောင့် သူ လူစားလဲချင်တဲ့သူကို လူစားလဲပိုင်ခွင့် အပြည့် ရှိပါတယ် ။ ဒါပေမယ့် ကျွန်တော် ပြောချင်တာကဗျာ သူ က အသင်း ခေါင်းဆောင် ၊ ဂိုးသွင်းပေးနိုင်မယ့်သူ မဟုတ်ရင် အရန်ခုံ ပို့လိုက်တာက ကိစ္စ မရှိပါဘူး ။ သူ့ကို လူစားလဲလိုက်ကတည်းက နည်းနည်း ဆန်းကြယ်သလို ခံစားမိခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင် အူဘာမီယန်း ဟာ အခုဆို လိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်း နိုင်တာ ငါးပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။ ယူနိုက်တက် နဲ့ ပွဲမှာလည်း အူဘာမီယန်းဟာ အခွင့်အရေးတွေ ရခဲ့ပေမယ့် ကန်ချက်တွေဟာ အားပါတိကျမှု မရှိ ဖြစ်နေခဲ့ပြီး ယုံကြည်မှု ပျောက်ဆုံးနေပုံ ပေါ်နေခဲ့ပါတယ် ။

SM