” မန်ယူနိုက်တက်ကို လေးစားမှုထားပြီး အနိုင်ရလိုစိတ် အပြည့်နဲ့ ယှဉ်ပြိုင်ရပါမယ် ” လို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်းဟာ ဒီဇင်ဘာလ ရဲ့ အဖွင့်ပွဲစဉ် အဖြစ် မနက်ဖြန် နံနက် မြန်မာ စံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ မန်ယူနိုက်တက် အသင်း နဲ့ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ် ။

ရှေ့ပွဲမှာ အဆင့်လေး က ဝက်စ်ဟမ်း အသင်း သရေကျထားတာကြောင့် အာဆင်နယ် အသင်း အနေနဲ့ မန်ယူနိုက်တက် ကို အနိုင်ကစားနိုင်ပါက အဆင့် ၄ နေရာ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီဘက်နှစ် နှောင်းပိုင်းတွေမှာ မန်ယူနိုက်တက် ကို ရှုံးပွဲ မရှိအောင် ကစားထားနိုင်ပြီး နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပြိုင်ပွဲ ၆ ပွဲမှာ ၃ ပွဲ နိုင် ၊ ၃ ပွဲ သရေ ရလဒ် ထွက်ပေါ် ထားပါတယ် ။ ပြီးခဲ့တဲ့ရာသီကလည်း အာဆင်နယ် အသင်းဟာ အိုးထရက်ဖိုဒ့်ကွင်းမှာ မန်ယူနိုက်တက်ကို ၀-၁ နဲ့ အနိုင် ရခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ က မနေ့က လန်ဒန်ကော်နေးမှာ မန်ယူနိုက်တက် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြိုင်ဘက် အသင်းဟာ လက်တစ်လောမှာ ရုန်းကန် နေရပေမယ့် လေးစားမှု ထားပြီး အနိုင်ရလိုစိတ် နဲ့ ကစားကြဖို့ အသင်းသားတွေကို တိုက်တွန်း သွားခဲ့ပါတယ် ။

” ပရိသတ်တွေ အပြည့်ရှိနေတဲ့ အိုးထရက်ဖိုဒ့် ကွင်းကြီးမှာ ကစားရတဲ့ အခါမှာ ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ကြိုတင် မျှော်မှန်းလို့ရပါတယ် ။ သူတို့က ဒီလိဂ်ပြိုင်ပွဲမှာ အရည်အသွေးမြင့် ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ”

” အဲ့ဒါကြောင့် ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အခြေအနေက ဘယ်လိုရှိသလဲ ဆိုတာ သိပါတယ် ၊ နည်းဗျူဟာပိုင်း အရလည်း သိပ်ကို ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က ဘယ်လို ပြင်ဆင်လာမလဲ ဆိုတာ ကျွန်တော်တို့ဘက်ကမှ မသိနိုင်တာလေ ။ ”

” သူတို့မှာက ရွေးချယ်စရာတွေ ရှိတော့ ကစားကွက်မျိုးစုံ ကစားလို့ရနေပါတယ် ၊ အဲ့ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပဲ အာရုံ စိုက်ထားတာ ပိုကောင်းပါလိမ့်မယ် ၊ ကိုယ်လုပ်ရမယ့် အရာတွေကို အာရုံစိုက်ထားမယ် ၊ အဲ့ဒီကို အနိုင်ရဖို့ပဲ သွားမယ်ဆိုတဲ့ စိတ်မျိုး ထားထားရမှာပါ ။ ”

” ကျွန်တော်တို့ ထားရမယ့် ယုံကြည်မှုကတော့ ပွဲတိုင်းကို အနိင်ရအောင် ပြင်ဆင် ကစားနိုင်ရမယ် ဆိုတာပါပဲ ။ ပထမဦးဆုံး အနေနဲ့ ကိုယ်နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကို လေးစားမှု ထားရပါမယ် ၊ ဒါပေမယ့် အဆုံးသတ် ရည်မှန်းချက် ပြည့်ဝဖို့ဆိုရင် ဒီပွဲကို နိုင်ကိုနိုင်ရမယ် ဆိုတဲ့ စိတ် ၊ ယုံကြည်မှု နဲ့ ဆန္ဒပြင်းပြမှု ရှိနေဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM