မန်စီးတီး မှာ မျှော်လင့်ထားတာထက် ပိုပြီး ခက်ခဲခဲ့ပုံကို ဖွင့်ဟပြောဆို သွားခဲ့တဲ့ ဂျက် ဂရီလစ်ရှ်

မန်ချက်စတာ စီးတီး အသင်းရဲ့ တောင်ပံ ကစားသမား ဂျက် ဂရီလစ်ရှ် က အသင်းသစ်မှာ သူ့အနေနဲ့ မျှော်လင့် ထားတာထက် အများကြီး ပိုခက်ခဲ ခဲ့ကြောင်း Sky Sports သတင်းဌာန ကို ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဂရီလစ်ရှ် က သူ့အနေနဲ့ စီးတီး အတွက် လက်ရှိထက် ပိုပြီး ပေးဆပ် ကစားသွား မယ်လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ ပေါင် သန်း ၁၀၀ တန် ကစားသမားဟာ စီးတီး မှာ အခုချိန်အထိ မျှော်မှန်း ထားသလောက် ပုံစံကောင်း မပြသ နိုင်သေး ပါဘူး ။

ဗီလာ အသင်း ခေါင်းဆောင်ဟောင်း ဂရီလစ်ရှ် ဟာ စီးတီး အတွက် ပွဲထွက် ကစားခွင့် ရတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ၂ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးမှုသာ ပြုလုပ် ထားခဲ့ ပါတယ် ။

ဒါ့အပြင် ဂရီလစ်ရှ် ဟာ လိဒ် ကို အနိုင်ရခဲ့တဲ့ ပွဲအပြီးညမှာ အသင်းဖော် ဖိုဒန် နဲ့ အတူ ကလပ်တက် ခဲ့တာကြောင့် နယူးကာဆယ် နဲ့ ပွဲအတွက် အားအင် အပြည့်အ၀ မရှိ နိုင်ဘူးလို့ ယူဆကာ ချန်လှပ် ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် ဂရီလစ်ရှ် ဟာ မနက်ဖြန် မှာ လက်စတာ နဲ့ ကစားမယ့် ဘောက်ဆင်ဒေး ပွဲစဉ်မှာတော့ စီးတီး အတွက် ပြန်လည် ပါဝင်လာဖွယ် ရှိနေပြီး အသင်းသစ် နဲ့ ပထမဆုံး ရာသီ ဖြတ်သန်းခဲ့မှုတွေ အကြောင်းကို အခုလို ပြောပြ သွားခဲ့ ပါတယ် ။

 

“ကျွန်တော် အများကြီး ပေးဆပ်ဖို့ ရှိပါသေးတယ် ။ ဒီမှာ ကျွန်တော် ထင်ထားတာထက် အများကြီး ပိုခက် ခဲ့ပါတယ် ။

အစ တုန်းက ဒီလိုပဲ အဆင်ပြေသွားမှာပါလို့ ထင်မိ ခဲ့တာပါ ။ ဒါပေမယ့် ကျွန်တော် အများကြီး သင်ယူ လေ့လာ ရဦးမယ် ဆိုတာကို သဘောပေါက် သွားခဲ့ ပါတယ် ။ အခု အဲ့ဒါတွေကို စလုပ်နေ ပါပြီ”

“အသင်းသစ်ကို ပြောင်းရင် တနှစ်လောက် အချိန်ယူရတတ်တယ် လို့ ကြားဖူး ပါတယ် ။ ကျွန်တော်လည်း အတူတူပဲ နေမှာပါ ။ နောက်နှစ် ( ၂၀၂၂ ) ထဲမှာ အသင်းအတွက် ဂိုးတွေ ပိုသွင်း ၊ ဂိုးတွေ ပိုဖန်တီးပေး နိုင်ဖို့ မျှော်လင့် ထားပါတယ် ။

ဒီ အသင်းမှာက ကွင်းထဲမှာရော ကွင်းပြင်မှာပါ သတ်မှတ်ချက်တွေ ၊ တောင်းဆိုချက်တွေက အရမ်းကို မြင့်ပါတယ် ။

ကျွန်တော့ အတွက်တော့ မယုံနိုင်စရာပါပဲ ။ ဒါကြောင့်လည်း သူတို့ အခုလောက်ထိ အောင်မြင် နေတာ ဖြစ်မှာပါ” လို့ ဂရီလစ်ရှ် က ပြောဆို သွားခဲ့ ပါတယ် ။

 

ဆက်လက်ပြီး ဂရီလစ်ရှ် က သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက် အပေါ်လည်း ပြောဆို သွားခဲ့ ပါတယ် ။

“ပေါင် သန်း ၁၀၀ ဆိုတဲ့ တန်ဖိုးကပ်ခံ လိုက်ရတယ် ဆိုတာက လူတွေ အတွက် မေးခွန်း ထုတ်စရာ တခု ဖြစ်လာ စေခဲ့တာပါ ။

ကွင်းထဲမှာ တခုခု မလုပ်ပြ နိုင်ဘူးဆိုရင် လူတွေက ဂိုးတွေ ဘယ်မှာလဲ ၊ ဖန်တီးမှုတွေ ဘယ်မှာလဲ ဆိုပြီး မေးခွန်း စထုတ်တော့တာ ပါပဲ”

“ကျွန်တော် ကတော့ ဒီအသင်းက ကျွန်တော့ အတွက် ဒီလို များပြားတဲ့ ပမာဏ ကို အသုံးပြုဖို့ လိုလား ခဲ့တယ်ဆိုတာနဲ့တင် အရမ်းကို တန်ဖိုးထားရာ ရောက် နေပြီလို့ ခံယူထားပါတယ် ။

ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ကစားရတာ ကလည်း တကယ်ထူးခြားတဲ့ အရာပါ ၊ အရင်တုန်းက ဥရောပ ကလပ် ပွဲတွေ ကျွန်တော် တခါမှ မကစားခဲ့ ဖူးပါဘူး ။ အရမ်း ကစားချင်ခဲ့ ပါတယ် ။

ချန်ပီယံလိဂ် တေးသွားကို ကွင်းထဲမှာ ကိုယ်တိုင် နားထောင်ရတဲ့ ခံစားချက် က ပြောမပြနိုင်လောက်အောင် ပါပဲ” လို့ ဂရီလစ်ရှ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR