မန်စီးတီး ကို အမှီလိုက်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ကို ပြန်လည် ဖြေကြားလိုက်တဲ့ #ကလော့ပ်

ပက် ဂွာဒီယိုလာ ရဲ့ မန်စီးတီး ဟာ ဒီဇင်ဘာ ပွဲကျပ်ရောက်မှ ကို ခြေစွမ်းတွေ ဆက်တိုက်ပြကာ သွင်းဂိုးတွေကလဲ မြူးလျှက် ရှိနေပါတယ်။ ပရီးမီးယားလိဂ် 19 ပွဲ ကစားချိန်မှာတော့ စုစုပေါင်း ရမှတ် 47 မှတ် နဲ့ အမှတ်ပေးဇယား ကို ဦးဆောင်ထားပါတယ်။

လီဗာပူး ကတော့ သူ့ရဲ့ နောက် 6 မှတ် အကွာ နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပြီး ၊ လက်ကျန်တစ်ပွဲ ကစားဖို့ ကျန်နေပါတယ်။

လေ့လာသုံးသပ်သူတွေ ကတော့ ဒီနှစ် ဘောလုံးရာသီ မှာ ချန်ပီယံဆု အတွက် လီဗာပူး ၊ မန်စီးတီး ၊ ချဲဆီး တို့ သုံးသင်းပဲ အကြိတ်အနယ် ပြိုင်ကြလိမ့်မယ် လို့ ပြောဆိုခဲ့ကြပေမယ့် ၊ လက်ရှိ အနေအထား အရ မန်စီးတီး နဲ့ လီဗာပူး တို့ပဲ ဒုတိယ ရာသီဝက်မှာ ပုခုံးချင်း ယှဉ်သွားဖွယ် ရှိနေတယ်လို့ လေသံ ထွက်လာနေကြပါပြီ။

ယာဂန် ကလော့ပ် ကိုယ်တိုင် ကတော့ သူ့အသင်း ဟာ မန်စီးတီး ကို အမှီလိုက်နိုင်ပါ့ဦးမလား ဆိုတဲ့ မေးခွန်းတွေကို အခုလိုပဲ တုန့်ပြန် သွားခဲ့ ပါတယ်။

“ ကျနော် ကတော့ ဖြစ်နိုင်တယ် ထင်ပါတယ်။ ဒါက ကျနော်ထင်တာ ပြောကြည့်တာပေါ့။ ဒါကြောင့်လဲ လက်ရှိ ရပ်တည်မှုမှာ ကျနော်တို့ ရှိနေတာလေ။ ဒါပေမယ့် ခက်တော့ ခက်ခဲပါလိမ့်မယ်။ တော်တော်ကြီးကို ခက်ခဲမှာပါ။

မန်စီးတီး ရဲ့ ခြေစွမ်း တည်ငြိမ်မှု တွေးကြည့်လိုက်လေ…..ကျနော့် ကစားသမားတွေ ကလဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ တည်ငြိမ်တဲ့ ခြေစွမ်းတွေ ဆက်တိုက် ထိန်းထားနိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ 3 နှစ်က မန်စီးတီး ဟာ ကျနော်တို့ထက် တစ်မှတ်လေးသာပြီး ချန်ပီယံ ဖြစ်သွားတယ် ၊ 11 မီလီမီတာ အကွာအဝေးလေးက အဆုံးဖြတ်ပေးသွားတာပေါ့။ အဲဒီတုန်း က ဆိုရင်လဲ ကျနော်တို့ဟာ တစ်ရာသီလုံး သူတို့ကို ဆက်တိုက် ဖိအားပေးနိုင်ခဲ့တာပါ။

အဲဒီ မတိုင်ခင်က ဆိုရင် ကျနော်တို့ က ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးဆီ ရောက်ခဲ့သလို ၊ အနိုင်ရလာဒ်တော့ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျနော့် ကစားသမားတွေ ဟာ အခုထိ တည်ငြိမ်တဲ့ ခြေစွမ်းကို ထိန်းထားနိုင်ဆဲ ဖြစ်ကြောင်း ပြသနေပါတယ်။ ဒါက မန်စီးတီး ကို အမှီလိုက်ဖို့ အတွက် တစ်ခုတည်းသော အခွင့်အရေး ပါပဲ။

ပရီးမီးယားလိဂ် ဖလား ဆိုတာ အကောင်းဆုံးအသင်းပဲ ဆွတ်ခူးတာပါ။ အဲဒီတော့ သူတို့ကို ကျော်ဖြတ်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲလွန်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ရပ်တည်မှုက အရမ်းကြီးလဲ ကွာဟနေတာမျိုး မဟုတ်ပါဘူး။ ပြောရရင် လုံး၀ မျှော်လင့်ချက် ကင်းမဲ့သွားတာမျိုး မဟုတ်သေးပါဘူး။

မန်စီးတီး က အမှတ်တွေ အများကြီး လျှော့မှာ မဟုတ်တာ ခင်ဗျားတို့လဲ သိပါတယ်။ ဒါကြောင့် ကိုယ့်အမှတ်တွေကို မဆုံးရှုံးရအောင် ပိုပြီး ဂရုစိုက်ရမှာပါ။ အဲဒီ အတွက် ကျနော်တို့က ဘယ်အပိုင်းမှာ ပိုကောင်းအောင် လုပ်ဖို့လဲ ဆိုရင် ပထမဆုံး အနေနဲ့ ထိပ်တန်းအဆင့် ခံစစ် ကစားပြနိုင် စွမ်းဆောင်ရည်မျိုးတွေ ပိုင်ဆိုင်ဖို့ လိုပါတယ်။ ဒီအချက် က အသင်းရဲ့ ရလာဒ် တည်ငြိမ်မှု အပိုင်းကို ဖန်တီးပေးနိုင်တယ်လေ။

အားလုံးကို ခြုံပြောရရင်တော့ ကျနော်တို့ ရဲ့ ဘောလုံးကစားပုံ တိုးတက်မှုတွေ အများကြီး ရှိလာပါပြီ။ ကျနော်တို့ ကို ခံစစ် ပိတ်ထားဖို့ အရင်ကထက် ပိုပြီး ခက်ခဲလာကြပါတယ်။ ဒါကြောင့် တိုးတက်မှု တစ်ချို့ကို လုပ်ပြနိုင်ခဲ့တယ်လို့ ပြောရရင် ရပါတယ်။ ဒါက မန်စီးတီး ကို ကျော်ဖြတ်ဖို့ လုံလောက်နေပြီလား လို့ မေးရင်တော့ ကျနော်လဲ မပြောတတ်ပါဘူး။

သေချာတာ တစ်ခုက ကိုယ့် ရလာဒ် တည်ငြိမ်အောင် မထိန်းနိုင်ပဲနဲ့တော့ ဘာအခွင့်အရေးမှ မျှော်လင့်ချက် ရှိလာမှာ မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ ဆုဖလားတွေကို တကယ်မှန်းချင်တယ် ဆိုရင် ဒီထက် တည်ငြိမ် စွမ်းဆောင်ရည်တွေ ပြဖို့ လိုပါတယ်။ ဆက်ပြီး ကြိုးစားသွားမှာ ဖြစ်လို့ ဖြစ်နိုင်ချေ ရှိမရှိ စောင့်ကြည့်ကြတာပေါ့” လို့ တုန့်ပြန်သွားခဲ့ ပါတယ်။

SM