မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ နေရာကို အစားထိုးရန် ရေပန်းအစားဆုံး နည်းပြကို ထုတ်ဖော်လိုက်တဲ့ ဒီယောင်

ပက်ဂွာဒီယိုလာဟာ မန်ချက်စတာစီးတီး နဲ့ လာမည့် ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ စပိန် နည်းပြဟာ အဆိုပါ စာချုပ်ကုန်ဆုံးချိန်မှာ အီတီဟတ် ကနေ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က မန်စီးတီးကို ရောက်ရှိလာခဲ့ပြီးနောက် မန်ချက်စတာကလပ်ကို ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် နဲ့ ပြည်တွင်း ဆုဖလား ၅ လုံး ရယူပေးထားခဲ့ ပါတယ်။

မန်စီးတီး ကွင်းလယ်လူဟောင်း နီဂယ်ဒီယောင်းက သူ့အနေနဲ့ ဂွာဒီယိုလာကို မန်စီးတီးမှာ နောက်ထပ် ဆက်ရှိစေချင်တယ်လို့ ဆိုလိုက်ပြီး ကတ်တလန်သားဟာ အိုးထရပ်ဖို့ဒ်မှာ ဆာအဲလက်စ်ဖာဂူဆန် လုပ်ပြခဲ့သလိုမျိုး အင်္ဂလန်မှာ သမိုင်းမှတ်တိုင် တစ်ခု စိုက်ထူနိုင်မယ့်သူလို့ ယုံကြည်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွာဒီယိုလာ မန်စီးတီး ကနေ ထွက်ခွာသွားခဲ့တဲ့ အချိန် ရောက်ခဲ့ပြီ ဆိုရင် အီတီဟတ် ကလပ် အနေနဲ့ အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ လက်ရှိမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို ကိုင်တွယ်နေတဲ့ ပက်ထရစ်ဗီအဲရာကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒီယောင်းက “ကျွန်တော့် အနေနဲ့ အခြား ကလပ် တစ်ခုခုမှာ ကိုင်တွယ်နေတဲ့ မန်နေဂျာတွေ ဒါမှမဟုတ် ကိုယ်ပြောချင်တဲ့ ကလပ်က လက်ရှိမှာ မန်နေဂျာ ရှိနေဆဲ အခြေအနေတွေမှာ ဒီလို ချိတ်ဆက်တဲ့ အကြောင်းတွေကို ပြောရတာ မနှစ်သက်ပါဘူး။ အထူးသဖြင့် ပက်ဂွာဒီယိုလာ နဲ့ မန်ချက်စတာစီးတီး ရဲ့ ကိစ္စ ဖြစ်ပါတယ်။

ရိုးရိုးသားသား ပြောသွားရမယ်ဆိုရင် မန်စီးတီးကို နှစ်သက်တဲ့ ပရိတ်သတ် တစ်ဦး အနေနဲ့ ကျွန်တော် ပက်ဂွာဒီယိုလာကို ဒီမှာ နောက်ထပ် ၅ နှစ် ၁၀ နှစ် ဆက်ရှိစေချင်ပါတယ်။ ကျွန်တော့် အနေနဲ့ သူ့ကို မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ်ဖာဂူဆန် လုပ်ခဲ့သလိုမျိုး သမိုင်းတစ်ခု စိုက်ထူစေချင်ပါတယ်။

ဘောလုံးမှာ အမြဲတမ်း သေချာတာ တစ်ခု ကတော့ မန်နေဂျာတွေဟာ ကစားသမား တွေလိုပဲ တစ်ချိန်ချိန်မှာ နှုတ်ဆက် လမ်းခွဲရတာပါပဲ။ ရာထူးကနေ ထုတ်ပယ်ခံရပြီး ထွက်သွားတာ ဒါမှမဟုတ် စာချုပ်ကုန်လို့ ထွက်သွားတာ တစ်ခုခုပေါ့။

ပက်ထရစ်ဗီအဲရာဟာ မန်စီးတီး နည်းပြ ရာထူးနဲ့ ပက်သက်လာရင် အမြဲတမ်း ချိတ်ဆက်ခံရမယ့် နည်းပြ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်နဲ့ သူ့ရဲ့ relationship ကြောင့်ပါ။ မီခေးအာတီတာ နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အာဆင်နယ်လည်း ဒီအတိုင်းပဲ ဖြစ်မှာပါပဲ။

ကောလဟာလ သတင်းတွေ ကတော့ အမြဲတမ်း ထွက်ပေါ် နေမှာပါပဲ။ သူတို့ဟာ ခေါင်းဆောင်ကောင်း ဆိုတဲ့ ပုံရိပ်ကို အခြေခံတာပါ။ ဗီအဲရာဟာ ကစားသမား တစ်ဦး အနေနဲ့ ဥပမာကောင်း တစ်ခု ဖြစ်ခဲ့ပြီး နည်းပြဘဝမှာလည်း သူဟာ ဒါမျိုးကို လုပ်ပြနေပါတယ်။

ကစားသမား ဘဝကနေ နည်းပြ ဘဝကို ကူးပြောင်းရတာဟာ တအားကို ခြားနားမှု ရှိပါတယ်။ ဒါပေမယ့် ပက်ထရစ်ဟာ လက်ရှိမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို ကောင်းစွာ ကိုင်တွယ် ထားနိုင် ခဲ့ပါတယ်။

သူဟာ မန်ချက်စတာစီးတီး နည်းပြ ရာထူး အတွက် နံပါတ်တစ် ရေပန်းစားတဲ့သူ ဖြစ်မှာ သေချာပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM