မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းတွေထွက်နေမှုအပေါ် တုန့်ပြန်လိုက်တဲ့ လိဒ်စ် စတား

လိဒ်စ် ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ကယ်ဗင် ဖိလစ် က အသင်းမှာ ပျော်ရွှင်နေကြောင်း ၊ စာချုပ် သက်တမ်း တိုးလိုကြောင်း ပြောကြားခြင်းဖြင့် ထွက်ပေါ်နေခဲ့တဲ့ အပြောင်းအရွှေ့ ကောလဟလ သတင်းတွေကို တိတ်ဆိတ်စေခဲ့လိုက်ပါတယ် ။

အသက် 26 နှစ် ရှိနေပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ကယ်ဗင် ဖိလစ်ဟာ မာဆယ်လို ဘီလ်ဆာ ရဲ့ အသင်းမှာတော့ တကယ့်ကိုအရေးပါတဲ့ ကစားသမား တစ်ဦးအဖြစ် ရှိနေပြီး ပွဲတိုင်း ပွဲထွက် ကစားခွင့် ရရှိသူ ၊ အသင်းကို အကျိုးပြု ပေးနိုင်သူ အဖြစ် သတ်မှတ်ခံထားရပါတယ် ။

သူဟာ ပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲမှာလည်း ဂါးရတ် ဆောက်ဂိတ်ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ခဲ့ပြီး ကွင်းလယ်မှာ ပွဲတိုင်း ပွဲထွက် ကစားပေးခွင့် ရရှိခြင်း ၊ ခေါင်းဆောင်နိုင်စွမ်း ရှိခြင်းတွေကြောင့် နာမည်ရသူ တစ်ဦး ဖြစ်လာနိုင်ခဲ့ပါတယ် ။

ဒါ့ကြောင့် သူ့ကို အင်္ဂလန် ကလပ်တွေသာမက ဥရောပ ထိပ်သီး ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီထဲမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း ပါဝင်နေခဲ့ပါသေးတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်ပိုင်းမှာ ဖရက်ဒ် ၊ တော်မီနေး တို့ အတွဲနဲ့ အလုပ် မဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ နွေထဲက ကယ်ဗင် ဖိလစ် ၊ ဒီကလန် ရိုက်စ် အပါအဝင် ကွင်းလယ် ခံစစ် ကစားသမားကောင်းတွေကို ခေါ်ယူဖို့ သတင်းထွက် နေခဲ့တာပဲ ဖြစ်ပါတယ် ။

အခုလည်း အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် အသက်အရွယ် ရရှိလို့ ပွဲတိုင်း ကစားပေးနိုင်စွမ်း မရှိမှု ၊ ဖရက်ဒ် တိုက်စစ် မကြာခန လိုက်ပါနေခဲ့တဲ့ ကစားဟန်မှာ မာမာထန်ထန် ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး လိုအပ်နေမှုတွေကြောင့် ကယ်ဗင် ဖိလစ် နဲ့ သတင်းထွက်ခဲ့ရပါတယ် ။

အခုတော့ ကစားသမား ဖြစ်သူ ကိုယ်တိုင်က လိဒ်စ် ယူနိုက်တက် အသင်းမှာ ပျော်ရွှင်နေကြောင်း ပြောကြားလိုက်ခြင်းဖြင့် ဆောင်းရာသီ ဈေးကွက်မှာ အသင်းပြောင်းရွှေ့ဖို့ မရှိသေးကြောင်း ၊ ဒါပေမဲ့ အခုထက် ပိုပြီး တိုးတက်လိုသေးကြောင်း သူ့ရဲ့ ဆန္ဒတွေကို တစ်ဖက်လှည့် ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” ချန်ပီယံရှစ် ကစားသမား ဘဝကနေ ပရီးမီးယားလိဂ် ၊ အင်္ဂလန် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် ဆက်လက် ရှေ့ဆက် နိုင်ခဲ့တာကို ကြည့်လိုက်ခြင်းအားဖြင့် ကျွန်တော် ဒါတွေကို လုပ်ပြနိုင်စွမ်း ရှိနေတယ်ဆိုတာကို သိမြင်နားလည်ခဲ့ရပါတယ် ”

” အရာရာတိုင်းက တစ်ချိန်ထဲမှာပဲ ဖြစ်လာခဲ့ရ ပါတယ် ။ အလုပ်တွေ ကြိုးစားခြင်းက ကျွန်တော် ရောက်ချင်နေတဲ့ နေရာ တစ်ခုဆီ ရောက်လာစေနိုင်ခဲ့ ပါတယ် ။ အကယ်လို့ ကျွန်တော်သာ ဒါတွေကို ဆက်လက် လုပ်ပြနိုင်ဦးမယ်ဆိုရင် ဘယ်နေရာထိ တက်နိုင်မလဲဆိုတာ ဘယ်သူ ပြောနိုင်မလဲဗျာ ”

” လက်ရှိအချိန်မှာ ကျွန်တော် ကြံ့ခိုင်နေဖို့ပဲ အလေးထားနေပါတယ် ။ ကျွန်တော် အသင်းပိုင်ရှင်တွေနဲ့လည်း ပုံမှန် စကားပြောဖြစ်ပါတယ် ။ ကျွန်တော် စာချုပ်သစ် ချုပ်လိုနေပါတယ် ။ ကျွန်တော် ဒီမှာ ပျော်ရွှင်နေတယ်လေ ” လို့ ကယ်ဗင် ဖိလစ် က သူ့ရဲ့ ဆန္ဒကို ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar