မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လုနီးပါး ဖြစ်ခဲ့ကြောင်း ဖွင့်ပြောလိုက်တဲ့ ဂရီလစ်ရှ်

အက်စတွန် ဗီလာ အသင်းရဲ့ ငယ်မွေး ခြံပေါက် ကစား သမား ဖြစ်သလို လက်ရှိ မန်စီးတီးအသင်းမှာ ကစားပေးနေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျက် ဂရီလစ်ရှ် က သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ဖို့ အရမ်းကို နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟလိုက်ပါတယ် ။

ဂျက် ဂရီလစ်ရှ်ဟာ 2019 – 20 ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အက်စတွန် ဗီလာ အသင်းအတွက် 8 ဂိုး သွင်းယူ ၊ 6 ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့နောက် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်သွားခဲ့ပါတယ် ။

အဲ့ဒီထဲမှာတော့ အင်္ဂလန်သားကိုခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေလည်း စိတ်အား ထက်သန်ခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ကိုင်တွယ်နေခဲ့တဲ့ အိုလီ ဂန်နား ဆိုးလ်ရှား ကလည်း သူ့ကို စိတ်ဝင်စားခဲ့ပါသေးတယ် ။

အခုတော့ လူငယ် ကစားသမား ဘဝကို အက်စတွန် ဗီလာရဲ့ အသင်း ခေါင်းဆောင် တစ်ဦးအဖြစ် ဖြတ်သန်ခဲ့ရတာ နှစ်ခြိုက်ခဲ့တဲ့ ဂျက်ဂရီလစ်ရှ် က 2020 ခုနှစ် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့ကို ခေါ်ခဲ့သလို သူလည်း ပြောင်းလိုခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ် ။

” ကျွန်တော် ယူနိုက်တက်ဆီကို သွားရောက်ဖို့ အရမ်းကို နီးစပ်ခဲ့ပါတယ် ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘာမှ ဖြစ်မလာခဲ့ပါဘူး ။ အဲ့ဒီတုန်းက ကျွန်တော်တို့ဟာ စနေနေ့မှာ ယူနိုက်တက် အသင်းနဲ့ ရာသီကြို ပွဲစဉ် တစ်ပွဲကို ကစားခဲ့ကြပါသေးတယ် ”

” ကျွန်တော်ဟာ ဘာတွန်က ဖလား ပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာခဲ့ပါဘူး ။ ဒါပေမဲ့ ယူနိုက်တက် နဲ့ ပွဲအပြီးမှာတော့ ကျွန်တော်ဟာ ခရစ္စတီယံ ပါစလို ၊ ကျွန်တော့်ရဲ့ အေးဂျင့်တွေကို တွေ့ဆုံခဲ့ပြီး ‘ အကယ်လို့ ငါသာ အသင်း မပြောင်းဖြစ်ခဲ့ရင် ဗီလာ နဲ့ စာချုပ် သက်တမ်း တိုးဖြစ်မယ် ‘ လို့ ပြောဖြစ်ခဲ့ပါတယ် ”

” အဲ့ဒီနောက် ကျွန်တော်ဟာ အင်္ဂါနေ့နံနက်မှာ ကျွန်တော့်ရဲ့ ခွေးလေးနဲ့ အတူ အသင်းဆီ သွားရောက်ခဲ့ပြီး စာချုပ်သစ် အပေါ် လက်မှတ် ရေးထိုးဖြစ်ခဲ့ပါတယ် ။ အဲ့တာပြီးတော့ အသင်းမှာပဲ ဆက်လက် ကစားပေးဖြစ်ခဲ့လိုက် ပါတယ် ”

” ကျွန်တော်တို့ အားလုံးဟာ စာချုပ် ဖျက်သိမ်းကြေးနဲ့ ပတ်သက်လို့ သဘောတူညီမှုလည်း ရယူထားခဲ့ကြပြီး အကယ်လို့ တစ်ဦးတစ်ယောက်က ခေါ်ချင်တယ်ဆိုရင် နှစ်ဖက်လုံးအတွက် win – win အနေအထား ဖြစ်သွားအောင် ဆောင်ရွက်ခဲ့ကြပါတယ် ”

” ဆိုလိုချင်တဲ့ သဘောတရားက ကျွန်တော်ဟာ အက်စတွန် ဗီလာ အသင်း နဲ့ အတူ အံ့ဖွယ် ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ အတွက် ခေါ်ယူချင်တဲ့ အသင်းသာ ရှိနေခဲ့ရင် ပြောင်းရွှေ့ကြေး ပေါင် သန်း 100 ပေးရမယ် ဆိုတာ ပါပဲ ” လို့ ဂရီလစ်ရှ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar