မန်ချက်စတာ ယူနိုက်တက် ယာယီနည်းပြ ရပ်ဖ် ရန်းနစ် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်း ၅ ခု

ရပ်ဖ်ရန်းနစ် တယောက် မန်ချက်စတာ ကို မနေ့က ရောက်လာခဲ့ ပါပြီ ။ ရက်ဘူး အသင်းတွေရဲ့ ဖခင်ကြီး လို့ နာမည်ကြီး ခဲ့တဲ့ ရန်းနစ် ဟာ သူ့ရဲ့ စီမံခန့်ခွဲမှုတွေ ၊ Gegenpress ကစားပုံတွေနဲ့ နည်းပြ လောကမှာ နေရာ ရယူထား နိုင်ခဲ့သူ တယောက် ဖြစ်ခဲ့ ပါတယ် ။

သူ ကိုင်တွယ်တဲ့ အသင်းတွေဟာ အမြင့်ဆုံး အောင်ပွဲတွေ မရရှိခဲ့ဖူး ပေမယ့် ရန်းနစ် ရဲ့ ဘောလုံး အယူအဆတွေကတော့ အမြင့်ဆုံး အောင်ပွဲတွေ ရရှိဖူးတဲ့ နည်းပြအချို့ ရဲ့ လက်စွဲ ဖြစ်ခဲ့ ဖူးပါတယ် ။

အခုသူ မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ အသင်းကြီး ကို ကိုင်တွယ်ဖို့ ရောက်လာခဲ့ ပါပြီ ။

ယူနိုက်တက် ဟာ ရန်းနစ် အရင်တုန်းက ကိုင်ခဲ့တဲ့ အသင်းတွေနဲ့ လုံး၀ ခြားနားတဲ့ အဆင့်မှာ ရှိနေပါတယ် ။

ရှော်ကေး ၊ ဟော့ဖမ်ဟမ်း ၊ လိုက်ပ်ဇစ် တို့ဟာ ရန်းနစ် စကိုင်ခဲ့စဉ် တုန်းက အသင်းငယ်လေးတွေပါ ၊ ရန်းနစ် ရဲ့ ပဲ့ကိုင်မှု အောက်မှာ ဒီအသင်းတွေဟာ ထိပ်တန်း အသင်းတွေ ဖြစ်လာခဲ့ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ရန်းနစ် မရောက်ခင် ကတည်းက ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှု အများဆုံး ၊ မီဒီယာ အာရုံစိုက်မှု အရှိဆုံး အသင်းကြီး တသင်း အဖြစ် ရှိနေခဲ့တာပါ ။

ဒါကြောင့် အခု အလုပ်ဟာ ရန်းနစ် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တခု ဖြစ်နေစေ မှာတော့ ပြောနေဖို့တောင် မလိုတော့ပါဘူး ။

ရပ်ဖ်ရန်းနစ် ရောက်ရှိလာမှုနဲ့ အတူ မေးခွန်းတွေလည်း သူနဲ့ အတူ ပါလာခဲ့ ပါတယ် ။ အဲ့ဒိ အထဲက ပရိသတ်တွေ စိတ်ဝင်စားမှု အရှိနိုင်ဆုံး မေးခွန်းတွေ ကတော့ –

 

၁ ။ ဘယ်လို ကစားကွက် ၊ ဘယ်လို ကစားပုံကို သုံးမှာလဲ

 

ရန်းနစ် ဟာ သူ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဂျာမန် ကလပ် လိုက်ပ်ဇစ် မှာ ၄-၄-၂ ကစားကွက် ကို အဓိက ခင်းကျင်းခဲ့ ပါတယ် ။ ဒီ ၄-၄-၂ ကနေပဲ ၄-၄-၂ စိန်ပွင့် နဲ့ ၄-၂-၂-၂ ဆိုတဲ့ ကစားပုံကို ရန်းနစ် က ထပ်ပြီး ခွဲကာ သုံးခဲ့ ဖူးပါတယ် ။

အခု မန်ချက်စတာ ယူနိုက်တက် မှာလည်း ဒီလို ကစားကွက်တွေ ကိုပဲ ဆက်သုံးသွားမှာပါ ။

တိုက်စစ်မှူး ၂ ယောက် ထားပြီး ကစားတာက ရိုနယ်ဒို ၊ ကာဗာနီ တို့လို သက်ကြီး ကစားသမားတွေ အတွက် တကယ် အကျိုး ရှိနိုင်ပါတယ် ။

ကလော့ ၊ တူချယ် တို့ကို သင်ပြပေးခဲ့ဖူးတဲ့ Gegenpress ကိုလည်း ရန်းနစ် အခြေတည်ပေးဖို့ ကြိုးစားမှာပါ ။

ဘယ်သူတွေ ဘယ်လောက်လိုက်နိုင်မလဲ ဆိုတာကတော့ ကစားသမားတွေ အပေါ်မှာပဲ မူတည်နေမှာပါ ။

 

၂ ။ ရိုနယ်ဒို နဲ့ အဆင်ပြေနိုင်ပါ့မလား

 

Gegenpress ဟာ ကစားအားကောင်းကောင်း ကို ကြာကြာ ကစားပေးနိုင်တဲ့ သူတွေကို လိုအပ် သလို အသက်ကြီးသူတွေကို သိပ်မကြိုက်တဲ့ ရန်းနစ် ကြောင့် ခရစ္စတီယာနို ရိုနယ်ဒို တယောက် နည်းပြသစ် နဲ့ အဆင်ပြေနိုင် ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒါပေမယ့် သေချာ ပြန်သုံးသပ် ကြည့်မယ် ဆိုရင် ရန်းနစ် ရဲ့ Gegenpress မှာ အထောင်တိုက်စစ်မှူးထက် တောင်ပံ ကစားသမားတွေက ပိုပြီး အလုပ်များတဲ့ သဘော ရှိပါတယ် ။

နောက်ပြီး ရိုနယ်ဒို ဟာ ဘယ်တုန်းကမှ နည်းပြတွေနဲ့ ပြဿနာ မဖြစ်ဖူးသလို နည်းပြတိုင်းနဲ့ အဆင်ပြေအောင် အမြဲ ကြိုးစားတတ်သူ တယောက်ပါ ။ ရန်းနစ် ညွှန်ကြားတဲ့ အတိုင်း လိုက်လုပ်ဖို့လည်း ဆုံးဖြတ်ထားပြီး လောက်ပါပြီ ။

ရိုနယ်ဒို ရဲ့ ရည်မှန်းချက်က အချိန်တိုင်းမှာ အမြဲတမ်း အကောင်းဆုံး ပုံစံမှာ ရှိနေချင်တာပါပဲ ။

ဒီမေးခွန်းမှာ ရိုနယ်ဒို ဘက်က အဆင်ပြေနိုင်ပြီး ရန်းနစ် ဘက်က အဆင်ပြေလားမပြေလား ဆိုတာ ကတော့ နည်းပြကြီး ကိုယ်တိုင်ပဲ အဖြေပေးရမှာပါ ။

ဒီနေရာမှာ နောက်ထပ် မေးခွန်းတခု ပေါ်လာပြန် ပါတယ် . . . ရိုနယ်ဒို ကို အရန်ခုံ ထိုင်ခိုင်းရင် ဖြစ်ပေါ်လာမယ့် ( အရင်ကကြုံဖူးတာတွေနဲ့ လုံးဝခြားနားနေမယ့် ) မေးခွန်းတွေ ၊ ဝေဖန်မှုတွေ ၊ ဖိအားလှိုင်းတွေကို ရန်းနစ် ရင်ဆိုင်ဖြေရှင်းနိုင် ပါ့မလား ဆိုတာပါပဲ ။

 

၃ ။ ကစားသမားသစ်တွေ အတွက် ငွေသုံးမှာလား

 

ရန်းနစ် ခေါ်ခဲ့တဲ့ သူတွေကို ကြည့်လိုက်မယ် ဆိုရင် ရွက်ပုန်းသီးတွေ များပါတယ် ။ ချက်ချင်း အကျိုး သက်ရောက်တာမျိုးထက် ရေရှည်မှာ ခြေစွမ်း နဲ့ရော ငွေကြေးပိုင်းမှာပါ အသင်းအပေါ် အကျိုးရှိစေမယ့် သူမျိုးတွေပါ ။

ဟာလန်း ၊ မာနေး ၊ ဖာမီနို ၊ အူပါမီကာနို တို့ကို ခေါ်ခဲ့တုန်းက အခုဈေးထက် အဆပေါင်း များစွာ နိမ့်ပါတယ် ။

ယူနိုက်တက် မှာလည်း ဒီလိုပဲ သူ စီမံကိုင်တွယ်မှာပါ ၊ ဒီလို လုပ်ခွင့်ပေးမှာမို့လည်း ယူနိုက်တက် ကိုလာဖို့ သဘောတူခဲ့တာ ဖြစ်နိုင်ပါတယ် ။

 

ရန်းနစ် ငွေသုံးတဲ့ တနေရာ ရှိပါတယ် ။ အသင်းရဲ့ Facility ပိုင်းမှာပါ ။

ရက်ဘူး ဘီလီယံနာကြီး ရဲ့ ဝယ်ယူအပြီးမှာ သြစတြီးယား နဲ့ ဂျာမနီ က ကလပ်တွေ ( ဆဲဘတ် နဲ့ လိုက်ပ်ဇစ် ) တို့ဟာ နှစ်အနည်းငယ် အတွင်း အင်အားကြီးလာခဲ့ပါတယ် ။ ဒါဟာ ကစားသမားတွေကြောင့်တင် မဟုတ်ဘဲ ကွင်းတွင်း ကွင်းပြင်က လေ့ကျင့်ရေး Facility တွေ ၊ ကုသရေး နဲ့ ပြန်လည် အားဖြည့်ရေး စင်တာတွေ ကြောင့်ပါပဲ ။

မနေ့က ရန်းနစ် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ Facility တွေကို လှည့်ပတ် ကြည့်ရှုခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ကမ္ဘာ့ထိပ်တန်း အသင်းတသင်း ဖြစ်တာကြောင့် ခေတ်မီတဲ့ စက်ပစ္စည်းတွေ အထိုက်အလျောက် ရှိနေမှာပါ ( မန်စီးတီး ၊ PSG တို့လောက်တော့ မကောင်းဘူးလို့ သိရပါတယ် )

ဒါတွေကို အဆင့်မြှင့်ဖို့ ရန်းနစ် သေချာပေါက် ညွှန်ကြားမှာပါ ။ ဒီအတွက် ဂလေဇာတွေ ငွေထုတ်မလားဆိုတာ ကတော့ စောင့်ကြည့် ရမှာပါပဲ ။

။ ပြိုင်ဘက် နည်းပြတွေနဲ့ စကားလုံး တိုက်ပွဲတွေ ဆင်နွှဲမှာလား

 

ရန်းနစ် ဟာ ဖာဂူဆန် ၊ မော်ရင်ဟို တို့လို စကားလုံး တိုက်ပွဲတွေ ဆင်နွှဲရတာ နှစ်သက်တဲ့ သူတယောက် မဟုတ်ပါဘူး ။

သူ့ရဲ့ နည်းပြ ဘဝမှာ ဒီလို ပြင်းပြင်းထန်ထန် ပြောဆိုတာမျိုးတွေ သိပ်မတွေ့ ရသလို အသင်းသားတွေနဲ့ အကြီးအကျယ် အဆင်မပြေဘူး ဆိုတာလည်း မကြားမိပါဘူး ။

လက်ရှိ EPL က ထိပ်တန်း နည်းပြတွေ ဖြစ်တဲ့ ကလော့ နဲ့ တူချယ် ဟာ ရန်းနစ် ရဲ့ လက်ရင်းတပည့်ဟောင်းတွေပါ ။ သူတို့ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ် ။

ကွန်တီ နဲ့ ဂွာဒီယိုလာ ကလည်း ပြိုင်ဘက်ကို လေးစားမှု ပေးတဲ့ နည်းပြမျိုးတွေပါ ၊ အာတီတာ ၊ ဂျရတ် တို့ကလည်း ဝါနုသူတွေ ဖြစ်လို့ ပွဲရှာဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး ။

ဒါကြောင့် ရန်းနစ် ကိုင်တွယ်တဲ့ ကာလမှာတော့ ပွဲဆူမယ့် ဖြစ်ရပ်မျိုးတွေ အများကြီး မြင်တွေ့ရဖို့ မရှိနိုင်ပါဘူး ။

၅ ။ အမြဲတမ်းနည်းပြ ဘယ်သူဖြစ်လာနိုင်မလဲ

 

ရန်းနစ် ဟာ ယူနိုက်တက် ကို ၆ လသာကိုင်တွယ်မှာ ဖြစ်ပြီး ရာသီအကုန်မှာ စီမံခန့်ခွဲမှု အပိုင်းကို ၂ နှစ် စာချုပ်နဲ့ ပြောင်းလဲ လုပ်ကိုင်မယ်လို့ သိရှိထား ပါတယ် ။

ရန်းနစ် ဟာ နည်းပြ တယောက်ထက် ပိုတဲ့သူ လို့ ဆိုနိုင်ပြီး အသင်းရဲ့ ရေရှည် စီမံကိန်းတွေ ၊ ကစား သမား စာချုပ်တွေ ၊ ပြုပြင် တည်ဆောက်ရေးတွေ မှာ ပါဝင်ဖို့ ပိုမို ဆန္ဒ ရှိသူပါ ။

အသင်းမှာ လုပ်ကွက် များများလည်း ရယူချင်ပါတယ် ၊ ဒါကြောင့် လုပ်ကွက် အများကြီး မရနိုင်တဲ့ အေစီမီလန် ကို ငြင်းခဲ့တာပါ ။

ဒါကြောင့် ရာသီအကုန်မှာ ရန်းနစ် ကိုပဲ တရားဝင် နည်းပြ အဖြစ် ခန့်အပ်နိုင်တယ် ဆိုတဲ့ အယူအဆက ဖြစ်လာဖို့ အလားအလာ အလွန်နည်းပါတယ် ။

၂ ယောက်စလုံးဟာ အသင်းကို ရေရှည်တည်ဆောက်ဖို့ စိတ်အားထက်သန်သူတွေ ဖြစ်ကြပြီး နည်းစနစ်ပိုင်း မှာလည်း ကိုယတကယ်လို့ သူတို့ ၂ ယောက်ထဲက မဟုတ်ဘူး ဆိုရင်တော့ မိုက်ကယ် ကာရစ် ဟာ အမြဲတမ်း နည်းပြ ဖြစ်လာဖို့ အလားအလာ အကောင်းဆုံးလို့ ဆိုရမှာပါ ။

 

ရန်းနစ် ဟာ သူ့ရဲ့ နည်းပြ အဖွဲ့ကို ခေါ်လာမှာ ဖြစ်ပေမယ့် ကာရစ် နဲ့ မိုက်ဖီလန် တို့ ဆက်လက် ပါဝင် နေဦးမှာပါ ။ အသင်းသားတွေနဲ့ ထိတွေ့မှု ရှိထားပြီးတဲ့ သူတွေကို ရန်းနစ် လိုအပ် ပါတယ် ။

ဒီလို အနေအထားကနေ ကာရစ် က ရန်းနစ် ရဲ့ အယူအဆတွေ ၊ နည်းစနစ်တွေကို ဆက်လက် ထိန်းသိမ်း နိုင်တဲ့သူ ဖြစ်သွားမယ် ဆိုရင်လည်း အံ့အားသင့်စရာ ဖြစ်မှာတော့ မဟုတ်ပါဘူး ။

 

SPORTS MYANMAR