မန်ချက်စတာ ယူနိုက်တက် ကစားသမားဘဝကို ဘယ်လို အဆုံးသတ်သင့်လဲဆိုတာ ပေါ့ဘာကို အကြံပေးလိုက်တဲ့ အီဗရာ

မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစား ခဲ့ဖူးပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့တဲ့ ပြင်သစ် ဘယ်နောက်ခံလူ ပက်ထရိစ် အီဗရာ ဟာ လက်ရှိ ယူနိုက်တက် မှာ ကစားနေပြီး ဒီရာသီ မှာ အဆင်မပြေ မှုတွေ ရှိနေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ အတွက် အကြံပေးစကား ပြောဆို သွားခဲ့ ပါတယ် ။

ပေါ့ဘာ ဟာ ယူနိုက်တက် နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိ နေပြီး စာချုပ်သစ် ဆက်ချုပ်ဖို့ အစီအစဉ် မရှိဘဲ နွေရာသီ မှာ အသင်းပြောင်းဖို့ အလားအလား များနေသူလို့ သတင်းတွေက သုံးသပ် ဖော်ပြ ထားခဲ့ ကြပါတယ် ။

စာချုပ်သက်တမ်း နောက်ဆုံးနှစ် ကို ရောက်ရှိ နေတဲ့ ကစားသမားတွေဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မှာ အခြား အသင်းတွေနဲ့ ကြိုတင် သဘောတူညီမှု ရယူ နိုင်တဲ့ အခွင့်အရေး ရှိနေပြီး ပေါ့ဘာ ဟာ PSG နဲ့ ရီးရဲ မက်ဒရစ် တသင်းသင်းကို ပြောင်းရွှေ့ လိမ့်မယ်လို့ ပရိသတ်တွေက ယူဆ ထားကြပါတယ် ။

ပေါ့ဘာ ဟာ မနေ့က ပြင်သစ် အသင်းဖော် ဘာပေ ရဲ့ မွေးနေ့ ကို ဥရောပ နေးရှင်းလိဂ် ဖိုင်နယ် ပွဲက ဝတ်စုံ ပါဝင်တဲ့ ဓါတ်ပုံ နဲ့ ဆုတောင်း ပေးခဲ့ပြီး ဒီ အဖြူရောင် ဂျာစီ ဟာ ပြင်သစ် ကိုသာမက ရီးရဲမက်ဒရစ် ကိုပါ ကိုယ်စားပြု နိုင်ပြီး ဘာပေ ကလည်း ရီးရဲ ကို နွေရာသီမှာ အလွတ်နဲ့ ပြောင်းဖို့ ရှိနေတာကြောင့် ပေါ့ဘာ လည်း ဘာပေ နည်းတူ ရီးရဲ ကို ပြောင်းရွှေ့ဖွယ် ရှိနိုင်တယ်လို့ သုံးသပ် လာခဲ့ကြ ပါတယ် ။

ပေါ့ဘာ ရဲ့ အေးဂျင့် ရွိုင်းအိုလာ ကတော့ “ဒီဇင်ဘာ ဆိုတာ စိတ်ကူးအိပ်မက်တွေ ရှင်သန်တဲ့ လ ပါ ၊ ဒီ စိတ်ကူး အိပ်မက်တွေကို တားဆီးလို့ မရပါဘူး ။ ဒါပေမယ့် အခု လောလောဆယ်တော့ ပေါလ် အကြောင်း မပြော ကြတာ ကောင်းပါမယ် ။

ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ စောင့်ကြည့် ရမှာပါ ။ တစုံတယောက် က စိတ်ကူးယဉ် တာကိုတော့ ကျွန်တော် မတားနိုင်ပါဘူး” လို့ ဒီလ အစောပိုင်းတုန်းက ပြောဆို ခဲ့ဖူး ပါတယ် ။

ပေါ့ဘာ ဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန် နေရပြီး ရာသီ အစမှာ ပုံစံကောင်းပြကာ ဂိုးတွေ ဖန်တီးပေး ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မကစားရ သလောက် အထိ ဖြစ်သွားခဲ့ရ ပါတယ် ။

ဒါ့အပြင် စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ် ရှိပုံ မရတာဟာလည်း ယူနိုက်တက် ပရိသတ်တွေ အတွက် ပေါ့ဘာ အပေါ် ပိုမို ပြောဆို ဝေဖန်ချင်စရာ ဖြစ်လာ စေခဲ့ပါတယ် ။

အီဗရာ ကတော့ သူဟာ ပေါ့ဘာ ကို ကောင်းကောင်း နားလည် ထားသူ ဖြစ်ပြီး အခုလိုမျိုး ဝေဖန် ပြောဆို နေကြတာတွေကို မြင်ရ ကြားရတာဟာ သူ့ကို စိတ်မကောင်း ဖြစ်မိစေတယ်လို့ Q&A အစီအစဉ် မှာ ပြောဆို သွားခဲ့ ပါတယ် ။

“ပေါလ် ကို ဝေဖန်နေတာတွေ မြင်ရ ကြားရတာ ကျွန်တော့ကို နာကျင် စေပါတယ် ။ ဘာလို့လည်း ဆိုတော့ ပေါလ် က ကျွန်တော့ ညီလေးလို ဖြစ်နေတာကြောင့်ပါ ။

သူ နဲ့ ကျွန်တော် အတူ မရှိတော့ ပေမယ့် အခုထိ စကားတွေ အများကြီး ပြောဖြစ်နေတုန်း ပါပဲ ၊ ကျွန်တော် ကလည်း သူ့ဘက်မှာ အမြဲ ရှိနေ မှာပါ”

“ပေါလ် က ကစားသမားကောင်း တယောက်ပါ ။ တချို့က ပေါလ် ဘာကြောင့် ပြင်သစ် အသင်းမှာ ကောင်းပြီး မန်ချက်စတာ ယူနိုက်တက် မှာ သိပ်မကောင်းဘူးလို့ ထင်ရသလဲ ဆိုတာကို နားမလည်ကြ ပါဘူး ။

အဲ့ဒိတော့ သူတု့ိ စပြီး ဝေဖန် ကြတာပါပဲ”

“အခု ပေါလ် နားနေရပါတယ် ။ သူ ပြန်ကစားတဲ့ အချိန်မှာ ပရိသတ်တွေက သူ့ကို ဆက်ချစ် နေကြဖို့ ၊ အရင်ကထက် ပိုချစ်ပေးကြဖို့ လိုပါတယ် ။ သူလည်း ပရိသတ်တွေ ရဲ့ မေတ္တာကို ရအောင် ယူဖို့ ကြိုးစား ရမှာပါ ။

အနာဂါတ် ကိစ္စတွေ ကတော့ ကျွန်တော် နဲ့ လက်လှမ်းမမီ ပါဘူး ။ တခါတလေကျတော့ ဂန္ထဝင်ဟောင်းတွေ ( ယူနိုက်တက် ) က ပေါလ် အပေါ် ပုဂ္ဂိုလ်ရေး ဆန်ဆန် ပြောဆိုတာတွေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ် ။

အမှန်တော့ ဒါက မကောင်းပါဘူး ။ ပေါလ် ဟာ လူကောင်းတယောက်ပါ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ဘောက်ဆင်ဒေး ကာလ မှာ နယူးကာဆယ် အသင်းနဲ့ ကစားရဖို့ ရှိနေပြီး ပေါ့ဘာ ကတော့ ပါဝင် နိုင်ဦးမှာ မဟုတ်ပါဘူး ။

 

SPORTS MYANMAR