မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား 6 ဦးနဲ့ သူတို့ ပြန်ကစားနိုင်မယ့် ရက်စွဲများ

ကိုဗစ် ပြသနာကြောင့် 16 ရက်လောက် ပွဲကစားခွင့်တွေ ပျောက်ဆုံးခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် 28 ရက်နေ့မှာတော့ စိန့်ဂျိမ်းစ် ပါ့ခ် ကွင်းထဲမှာ နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ 6 ဦး အထိ ရှိနေကြပြီး ဘယ်သူတွေ ဒီပွဲစဉ်အမီ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ကြမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဝမ် ဘစ်ဆာကာ

ဘစ်ဆာကာဟာ ဒဏ်ရာကြောင့် သိပ်အကြာကြီး မနားရဘူးလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ရာနှုန်းပြည့် သက်သာ ကောင်းမွန်ခြင်း မရှိခဲ့တဲ့အတွက် သူဟာ ထင်တာထက်ပိုပြီး အနားယူခဲ့ရပါတယ် ။ သူဟာ ယူနိုက်တက်တို့ ဘရန့်ဖို့ဒ် နဲ့ ကစားကြမယ့် ပွဲအမီ ပါဝင်နိုင်လိမ့်မယ်လို့တောင် ထင်ကြေးပေးခံခဲ့ရပါသေးတယ် ။

အခုတော့ သူဟာ ဒဏ်ရာတွေ သက်သာနေပြီလို့ သိခဲ့ရပြီး နယူးကာဆယ် နဲ့ ပွဲစဉ်အမီ အသင်းရဲ့ ကစားသမား စာရင်းထဲမှာ ပြန်လည် ပါဝင်လာနိုင်လိမ့်မယ်လို့ သိလိုက်ရပါတယ် ။ ရန်းဂနစ်ကတော့ ဘစ်ဆာကာလား ၊ ဒါးလော့လား ၊ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ် ။

ပြန်လာနိုင်မယ့် ရက်စွဲ – ဒီဇင်ဘာ 27

အီဒင်ဆန် ကာဗာနီ

ဒဏ်ရာ ပြသနာတွေကြောင့် ရန်းဂနစ် လက်အောက်မှာ ပွဲထွက် ကစားခွင့်တွေ မရရှိခဲ့သေးတဲ့ တိုက်စစ်မှူး ကာဗာနီဟာ ဘစ်ဆာကာ နည်းတူ ဘရန်းဖို့ဒ် ၊ ဘရိုက်တန် နဲ့ ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ လက်ရှိ အချိန်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သတင်းတွေ များနေပေမဲ့ ရန်းဂနစ် ရဲ့ လက်အောက်မှာ ကစားခွင့်တော့ ရသွားဖို့ ရှိနေပါတယ် ။

ပြန်လာနိုင်မယ့် ရက်စွဲ – ဒီဇင်ဘာ 27

ဗစ်တာ လင်ဒီလော့ဖ်

လင်ဒီလော့ဖ် ကတော့ နောဝှစ်ချ် နဲ့ ပွဲစဉ်တုန်းက ကွင်းထဲမှာ အသက်ရှူရ ခက်ခဲတဲ့ ပြသနာမျိုး ဖြစ်ပွားခဲ့ရတဲ့ အတွက် လူစားလဲခံခဲ့ရပါတယ် ။ အဆိုပါ ပွဲစဉ် အပြီးမှာတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ် က ကစားသမားရဲ့ အနေအထားတွေ ကောင်းမွန်ကြောင်း ပြောဆိုခဲ့ပါသေးတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်အထိတော့ သူ့ရဲ့ ကျန်းမာရေး အနေအထားတွေဟာ ဘယ်လို ရှိနေသလဲဆိုတာ မသိရသေးပါဘူး ။ ဒီတစ်ပါတ် နယူးကာဆယ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဒီအကြောင်း ရန်းဂနစ် ကိုယ်တိုင် ပြောပြမှသာ ကစားသမားရဲ့ အနေအထားကို အတိအကျ သိရဖို့ ရှိနေပါတယ် ။

ပြန်လာနိုင်မယ့် ရက်စွဲ – မသိရသေး

အန်သိုနီ မာရှယ်

ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ် ကတော့ လေ့ကျင့်ရေးကွင်းမှာ အသေးစား ဒူးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။ သူဟာ ဘရိုက်တန် အသင်းနဲ့ ပွဲစဉ်တုန်းက အရံလူ အဖြစ်သာ ရှိနေဖို့ သတင်းထွက်နေခဲ့ပါသေးတယ် ။ ယူနိုက်တက် နည်းပြ ရန်းဂနစ် က စွန့်စားမှုတွေ မပြုလုပ်လိုတာကြောင့် ထည့်သွင်းကစားဖို့ ရှိမနေဘူးလို့ သတင်းထွက်ခဲ့ပါသေးတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ အခုတော့ သူဟာ ဒဏ်ရာ ပြသနာမှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် နယူးကာဆယ် နဲ့ ပွဲစဉ်မှာ အနည်းဆုံး အရံလူ အဖြစ်နဲ့ ပြန်လည် ပါဝင်လာနိုင်ခြေ ရှိနေပါတယ် ။

ပြန်လာနိုင်မယ့် ရက်စွဲ – ဒီဇင်ဘာ 27

ရာဖေးလ် ဗာရန်း

ဒဏ်ရာ ပြသနာတွေ အကြား ရုန်းကန်နေခဲ့ရတဲ့ ဗာရန်းဟာ အခုတော့ ပြန်လည် သက်သာ ကောင်းမွန်နေပြီလို့ သိလိုက်ရပြီး လေ့ကျင့်ရေးပါ လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ပြန်လည် ကစားနိုင်လိမ့်မယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။

ဒါပေမဲ့ နည်းပြ ရန်းဂနစ်ဟာ ဘယ်သူ့ကို ပွဲထွက် ကစားစေမလဲဆိုတာ ကတော့ စောင့်ကြည့်ရပါလိမ့်မယ် ။ ယူနိုက်တက် ပရိသတ်တွေကတော့ အသင်းရဲ့ခံစစ်ကို အကျိုးပြုခဲ့ပေးတဲ့ ဗာရန်းကို ပွဲထွက် ကစားခွင့် ရရှိစေလိုကြမှာ အသေအချာပါပဲ ။

ပြန်လာနိုင်မယ့် ရက်စွဲ – ဒီဇင်ဘာ 27

ပေါလ် ပေါ့ဂ်ဘာ

ဒဏ်ရာ ပြသနာကြောင့် နှစ်လလောက် အနားယူရလိမ့်မယ်လို့ သတင်းထွက်ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူဟာ ဆက်လက် အနားယူရဖို့ ရှိနေသေးတယ်လို့ သိလိုက်ရပါတယ် ။ သေချာတာ တစ်ခုကတော့ သူဟာ နှစ်သစ်ကူး အချိန်အထိ အသင်းအတွက် ပါဝင် ကစားပေးနိုင်ဦးမှာ မဟုတ်သေးဘူးဆိုတာပါပဲ ။

 

ပြန်လာနိုင်မယ့် ရက်စွဲ – မသိရသေး

#Sports_Myanmar