မကြာခင် ကျင်းပတော့မယ့် အာဖရိကနေးရှင်းဖလား ပြိုင်ပွဲ ( AFCON ) အကြောင်းတစေ့တစောင်း

၂၀၂၁ ခုနှစ် အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ကတော့ ကျင်းပဖို့ အချိန် တဖြည်းဖြည်း နီးကပ် လာပါပြီ ။

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ တလွှားက ကလပ် အသင်းတွေ ကတော့ သက်ဆိုင်ရာ လက်ရွေးစင် ကစားသမားတွေကို စေလွှတ် ရတော့မှာ ဖြစ်လို့ ကြိုတင် ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်လို့ နေကြပြီ ဖြစ်ပါတယ် ။

ဒါကြောင့် လာမယ့် ဇန်နဝါရီမှာ စတင် ကျင်းပမယ့် ၂၀၂၁ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ( AFCON – Africa Cup of Natons ) အကြောင်း နဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေ ကို ဖော်ပြပေးလိုက်ရ ပါတယ် ။

 

၁ ။ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ

 

AFCON ဟာ အာဖရိက တိုက်ရဲ့ ဒေသတွင်း အမြင့်ဆုံး လက်ရွေးစင် ပြိုင်ပွဲ ဖြစ်ပြီး ဥရောပ ရဲ့ ယူရို ၊ တောင်အမေရိက ရဲ့ ကိုပါအမေရိက ဖလားတွေနဲ့ တတန်းတည်း ရှိတဲ့ ပြိုင်ပွဲ တခု ဖြစ်ပါတယ် ။

၁၉၅၇ ခုနှစ်မှာ စတင် ကျင်းပခဲ့ပြီး ပထမဆုံး ပြိုင်ပွဲမှာ အီဂျစ် ၊ အီသီယိုးပီးယား နဲ့ ဆူဒန် တို့ ၃ နိုင်ငံသာ ပါဝင်ခဲ့ကြ ပါတယ် ။

နောက်ပိုင်း မှာတော့ ပါဝင် နိုင်ငံတွေ များပြား လာပြီး အုပ်စု ခွဲကာ ယှဉ်ပြိုင် ကစားနိုင်တဲ့ အနေအထားအထိ ဖြစ်လာခဲ့ ပါတယ် ။

 

အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ကို ၂ နှစ် တကြိမ် ကျင်းပလေ့ ရှိပြီး ၂၀၁၃ ခုနှစ်က စတင်ကာ မဂဏန်း နှစ်တွေ ကို ပြောင်းလဲ ကျင်းပခဲ့ ပါတယ် ။ အကြောင်းအရင်း ကတော့ ကမ္ဘာ့ဖလား ကျင်းပတဲ့ နှစ်တွေနဲ့ မတူညီဖို့ ပါပဲ ။

ဒါ့အပြင် ပြိုင်ပွဲ ကာလ ကိုလည်း ၂၀၁၇ ခုနှစ် က စတင်ပြီး ယခင် ကျင်းပနေကျ ဇန်နဝါရီ ကနေ ( ကလပ် အသင်း ပြိုင်ပွဲတွေ အခက်မတွေ့ စေဖို့ ) ဇွန်လ ကို ပြောင်းလဲ ကျင်းပ သွားခဲ့ ပါတယ် ။

 

ဒီတကြိမ်မှာတော့ အိမ်ရှင် ကင်မရွန်း ရဲ့ ပြင်းထန်လှတဲ့ နွေရာသီကြောင့်ရော ကိုဗစ်ကပ်ဘေးဆိုးကြီး ကြောင့်ပါ ၂၀၂၁ ပြိုင်ပွဲ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကို ပြောင်းလဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။

နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက မန်စီးတီး တောင်ပံ ကစားသမား မာရက်ဇ် ဦးဆောင်တဲ့ အယ်လ်ဂျီးရီးယား အသင်း ဗိုလ်စွဲ ခဲ့ပါတယ် ။

ဒီနှစ် ပြိုင်ပွဲ မှာတော့ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး စာရင်းဝင် မိုဟာမက် ဆာလာ ဦးဆောင် လာမယ့် အီဂျစ် အသင်းက ဗိုလ်စွဲဖို့ ရေပန်း အစားဆုံးဖြစ်ပြီး အိုင်ဗရီကိုစ့် ၊ ဂါနာ ၊ ဆီနီဂေါ တို့ကလည်း ရေပန်းစားတဲ့ အသင်းတွေ အဖြစ် ရှိနေကြပါတယ် ။

အီဂျစ် ဟာ အက်ဖ်ကွန်း ( AFCON ) ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ၂၀၀၆ – ၂၀၀၈ – ၂၀၁၀ တို့မှာ ၃ ကြိမ်ဆက်တိုက် ဗိုလ်စွဲနိုင်မှု အပါအဝင် စုစုပေါင်း ၇ ကြိမ်အထိ ချန်ပီယံ ဖြစ်ထားခဲ့ ပါတယ် ။

ဆယ်စုနှစ် တခုကျော် ဝေးကွာနေတဲ့ အောင်ပွဲကြီးကို ဒီနှစ်မှာ ဆာလာ ဦးဆောင်မှုနဲ့ အီဂျစ်တို့ ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

 

၂ ။ ဘယ်မှာ ဘယ်အချိန် ဘယ်လို ကျင်းပမှာလဲ ?

 

၂၀၂၁ ခုနှစ် အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ကို ကင်မရွန်း နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာပါ ။

ကင်မရွန်း ဟာ ၂၀၁၉ ပြိုင်ပွဲရဲ့ အိမ်ရှင် ဖြစ်ခဲ့ပေမယ့် ပြင်ဆင်မှုတွေ အချိန်မမီ ခဲ့တာကြောင့် အီဂျစ် ကို လွှဲပြောင်း ကျင်းပခွင့် ပေးခဲ့ရ ပါတယ် ။

ဒါပေမယ့် ကပ်လျက် ပြိုင်ပွဲ ကို ပြန်လည် ရရှိ ခဲ့ပြီး ပူပြင်းလှတဲ့ နွေရာသီကြောင့် ဇွန်လ အစား ဇန်နဝါရီကို ပြောင်းလဲ ကျင်းပဖို့ သတ်မှတ် ခဲ့ကြပါတယ် ။

 

ပြိုင်ပွဲ ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင် ဖွင့်လှစ် ကျင်းပမှာ ဖြစ်ပြီး အိမ်ရှင် ကင်မရွန်း နဲ့ ဘူကီနာ ဖာဆို အသင်းတို့ရဲ့ ပွဲစဉ်နဲ့ စတင်မှာ ဖြစ်ပါတယ် ။

အုပ်စု ပွဲစဉ်တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ အထိ ယှဉ်ပြိုင် ကစား သွားကြမှာ ဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ က စတင်ပြီး ၁၆ သင်းဆင့် ပွဲစဉ်တွေကို ပြန်လည် ကစား သွားမှာပဲ ဖြစ်ပါတယ် ။

ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ကတော့ ဇန်နဝါရီ ၂၉-၃၀ မှာ ကစားကြမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ယှဉ်ပြိုင် ကစား သွားကြမှာပါ ။

ဗိုလ်လုပွဲ ကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကစားပြီး ပြိုင်ပွဲကို ပိတ်သိမ်း အဆုံးသတ် မှာပဲ ဖြစ်ပါတယ် ။

 

ပြိုင်ပွဲဝင် အသင်း ၂၄ သင်းပါဝင်မှာ ဖြစ်ပြီး ၄ သင်းစီ ရှိတဲ့ အုပ်စု ၆ ခုစီ အဖြစ် မဲနှိုက် ရွေးချယ် ထားပြီး ဖြစ်ပါတယ် ။ အုပ်စု တွေ ကတော့ –

Group A – ကင်မရွန်း ၊ ကိပ် ဗာဒီ ၊ ဘူကီနာ ဖာဆို ၊ အီသီယိုးပီးယား

Group B – ဂွီနီယာ ၊ မာလာဝီ ၊ ဆီနီဂေါ ၊ ဇင်ဘာဘွေ

Group C – ကိုမိုရိုစ့် ၊ ဂါဘွန် ၊ ဂါနာ ၊ မော်ရိုကို

Group D – အီဂျစ် ၊ ဂွီနီယာ ဘစ်ဆူ ၊ နိုင်ဂျီးရီးယား ၊ ဆူဒန်

Group E – အယ်လ်ဂျီးရီးယား ၊ အီကွေတိုရီရယ် ဂွီနီယာ ၊ အိုင်ဗရီကိုစ့် ၊ ဆီရီယာ လီယွန်

Group F – ဂမ်ဘီယာ ၊ မာလီ ၊ မော်ရီတားနီးယား ၊ တူနီးရှား တို့ပဲ ဖြစ်ကြပါတယ် ။

အုပ်စု တခုစီကနေ အုပ်စု ပထမ နဲ့ ဒုတိယ ၁၂ သင်း နောက်တဆင့် တက်ကြမှာ ဖြစ်ပြီး အုပ်စု တတိယ အသင်းတွေ ထဲက ၄ သင်းဟာလည်း နောက်တဆင့် ဖြစ်တဲ့ ၁၆ သင်းဆင့် ကို တက်ရောက်ခွင့် ရရှိကြမှာ ဖြစ်ပါတယ် ။

အုပ်စု အဆင့်မှာတော့ ထိပ်တိုက်တွေ့ဆုံမှု ရလဒ် ၊ ဂိုးကွာခြားချက် ၊ သွင်းဂိုး တွေကို ဦးစားပေး သွားမှာ ဖြစ်ပြီး အကောင်းဆုံး တတိယ အသင်း ရွေးချယ် ရာမှာတော့ ရမှတ် ၊ ဂိုးကွာခြားချက် နဲ့ သွင်းဂိုးတွေကို အစဉ်လိုက် ဦးစားပေးကာ သတ်မှတ် သွားမှာပဲ ဖြစ်ပါတယ် ။

 

၃ ။ ပရီးမီးယားလိဂ် က ဘယ် အသင်းတွေက ဘယ်သူတွေကို ဘယ်အချိန်မှာ ဘယ်လောက်ကြာအောင် စေလွှတ်ရမှာလဲ ?

 

အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲဟာ ဇွန်လကို မပြောင်းလဲ မကျင်းပမီ အထိ ပရီးမီးယားလိဂ် နည်းပြတွေ ကို အကြီးအကျယ် စိတ်အနှောက်အယှက် ပေးခဲ့ပါတယ် ။

ဒါကြောင့် ဆာအဲလက်စ် ဖာဂူဆန် ဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘ၀ မှာ အာဖရိက ကစားသမား အနည်းငယ်ကိုသာ ခေါ်ယူခဲ့သလို ပြိုင်ဘက် အသင်းတွေရဲ့ အကြပ်ရိုက် ကာလတွေကို ကောင်းကောင်း အသုံးချကာ အမှတ်ပေး ဇယား ရပ်တည်မှုကို ပြောင်းလဲ ခဲ့ဖူး ပါတယ် ။

 

၂၀၁၇ နောက်ပိုင်းကစပြီး ဇွန်လ ကို ပြောင်းလဲ ကျင်းပခဲ့တာကြောင့် အသက်ရှူချောင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်တွေဟာ ဒီနှစ်မှာတော့ မလွဲမရှောင်သာ ဖြစ်ခဲ့တဲ့ အခြေအနေတွေအရ ကစားသမားတွေကို ပွဲကြပ် ကာလအတွင်း စေလွှတ်ရတော့မှာ ဖြစ်ပါတယ် ။

 

ဒီအသင်းတွေထဲမှာ လီဗာပူး ၊ ချဲလ်ဆီး ၊ အာဆင်နယ် တို့ ဟာ အဓိက ကစားသမား အတော်များများ ကို စေလွှတ်ရမှာ ဖြစ်တာကြောင့် အထိနာဆုံး အသင်းတွေ လို့ ပြောလို့ ရနိုင်ပါတယ် ။

လီဗာပူး ဟာ မာနေး ၊ ဆာလာ ၊ ကီတာ တို့ကို သက်ဆိုင်ရာ နိုင်ငံအသင်းတွေဆီ စေလွှတ်ရမှာ ဖြစ်ပြီး အာဆင်နယ် ကလည်း ပီပီ ၊ အော်ဘားမီးယန်း ၊ သောမတ်စ် ပါတေး ၊ အယ်နေး တို့ကို စေလွှတ်ရမှာပါ ။

အမှတ်ပေး ဇယား ရဲ့ အဆင့် ၁ နေရာက မန်စီးတီး ကတော့ တောင်ပံ ကစားသမား မာရက်ဇ် တဦးကိုသာ စေလွှတ်ရမှာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ ဂိုးသမား မန်ဒီ ကို စေလွှတ်ရမှာပါ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ အဲရစ်ဘိုင်လီ နဲ့ လူငယ် ကစားသမား အာမက် ဒီရယ်လို တို့ကိုသာ စေလွှတ်ရမှာ ဖြစ်ပြီး စပါး အသင်းကတော့ အာဖရိက ကစားသမား တယောက်မှ မရှိတာကြောင့် ဇန်နဝါရီ ကို အင်အား အပြည့် နဲ့ ဆက်လက် ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ် ။

အခြား ပရီးမီးယားလိဂ် အသင်းတွေထဲမှာတော့ ဝက်ဖိုဒ့် ဟာ အစ္စမေလာ ဆား အပါအဝင် ကစားသမား ၅ ဦး အထိ စေလွှတ်ရမှာ ဖြစ်ပြီး နည်းပြ ရာနီရေးနီ ကို အကြပ်ရိုက်စေ မှာပါ ။

လက်စတာ ကလည်း ကွင်းလယ် အဖျက်မာစတာ အန်ဒီဒီ ၊ တိုက်စစ်မှူး နာချို တို့ကို စေလွှတ်ရမှာ ဖြစ်ပြီး ပဲလေ့စ် ကတော့ မရှိမဖြစ် စတား ဇာဟာ မပါဘဲ ဇန်နဝါရီ ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားရတော့မှာပါ ။

ဖီဖာ ရဲ့ စည်းမျဉ်းတွေ အရ ကလပ် အသင်းတွေဟာ ကစားသမားတွေကို သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေဆီ ပြိုင်ပွဲ ကျင်းပမယ့် ရက်သတ္တပတ် ရဲ့ တနင်္လာနေ့ နံနက်ကို နောက်ဆုံးထားပြီး ရောက်ရှိ စေဖို့ လုပ်ဆောင် ပေးရမယ်လို့ ပါရှိ ထားပါတယ် ။

အာဖရိက ဘောလုံး အဖွဲ့ချုပ် ကလည်း ဒီအချက်ကို လိုက်နာမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အသင်းတွေ အနေနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အင်္ဂလန် ကနေ စေလွှတ် ကြရမှာပါ ။

လီဗာပူး ဟာ ဇန်နဝါရီ ၂ ရက်နေ့မှာ ချဲလ်ဆီး နဲ့ ကစားဖို့ ရှိနေပြီး နည်းပြကြီး ယာဂင် ကလော့ ကတော့ သူ့ရဲ့ အာဖရိက ကစားသမားတွေကို အဆိုပါ ပွဲပြီးမှသာ စေလွှတ်လို့ ရချင်ကြောင်း ဖွင့်ဟပြောဆို ခဲ့ဖူးပါတယ် ။

ပြိုင်ပွဲဝင် ကစားသမားတွေဟာ ပြိုင်ပွဲ ကနေ သူတို့ရဲ့ အသင်း မထွက်ခွာရမချင်း ကင်မရွန်းမှာ ရှိနေ ရမှာ ဖြစ်တာကြောင့် အုပ်စု ကနေ ထွက်ရမယ့် အသင်းတွေက ကစားသမားတွေဟာ ဇန်နဝါရီ ၂၀ မှသာ အစောဆုံး ( ကလပ်တွေဆီ ) ပြန်လာ ရမှာ ဖြစ်ပါတယ် ။

အကယ်၍ ဗိုလ်လုပွဲ အထိ ရောက်ခဲ့မယ် ဆိုရင်တော့ ဖေဖော်ဝါရီ ၆ ရက်နေ့ ပြီးမှသာ သက်ဆိုင်ရာ ကလပ်တွေဆီ ပြန်လည် ပူးပေါင်းဖို့ စီစဉ် နိုင်မှာပါ ။

ပရီးမီးယားလိဂ် အသင်းတွေ အတွက်တော့ တကယ် ခေါင်းခဲစရာပါပဲ ။

 

၄ ။ ကိုဗစ် ကြောင့် ပြိုင်ပွဲ ရွှေ့ဆိုင်း နိုင်မလား

 

ကိုဗစ် ရဲ့ မျိုးကွဲ အိုမီခရွန် ကြောင့် ပရီးမီးယားလိဂ် နဲ့ ဥရောပ တလွှားက ကလပ် အသင်း ပွဲစဉ်တွေ ရွှေ့ဆိုင်း ခဲ့ အပြီးမှာတော့ လာမယ့် အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ အပေါ်လည်း မေးခွန်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒါပေမယ့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ကတော့ လက်ရှိ အချိန်အထိ ပြိုင်ပွဲ ကျင်းပဖို့ မီးစိမ်း ပြနေ သေးကြောင်း နဲ့ နာရီနဲ့ အမျှ ပြောင်းလဲ သွားနိုင်ချေ ရှိမှုတွေ အပေါ်လည်း ပြင်ဆင် ထားကြောင်း ထုတ်ပြန် သွားခဲ့ ပါတယ် ။

 

ကိုဗစ် အန္တရာယ်ကြောင့် ဒီနှစ် အတွင်း ကစားတဲ့ နိုင်ငံတကာပွဲ ရက်သတ္တပတ်တွေမှာ ကလပ် အသင်းတွေ နဲ့ နိုင်ငံ အသင်းတွေ အကြား အဆင်မပြေမှုတွေ ဖြစ်ခဲ့ ပါတယ် ။

ဖီဖာ ကတော့ စက်တင်ဘာ တုန်းကလို ကလပ် အသင်းတွေက ကစားသမား မစေလွှတ်တာမျိုး မပြုလုပ်ဖို့ ပြောဆို ထားသလို သက်ဆိုင်ရာ နိုင်ငံတွေကနေ ပြန်လာချိန် မှာလည်း ကွာရန်တင်း မဝင်ဘဲ ကလပ် နဲ့ ချက်ချင်း ပူးပေါင်း နိုင်ဖို့ စီစဉ် ပေးသွားမယ်လို့ ညှိနှိုင်းပေးထား ခဲ့ပါတယ် ။

ပြိုင်ပွဲ ကျင်းပဖို့ လဝက်ခန့်သာ ကျန်တော့တာကြောင့် ဒီအနေအထားမှာ နောက်တကြိမ် ရွှေ့ဆိုင်းဖို့ အလားအလာ ကတော့ အလွန်နည်းပါး သွားပြီလို့ ဆိုရမှာပါ ။

 

 

SPORTS MYANMAR