ဘောလုံး ကစားသမားဘဝမှ အနားယူလိုက်တဲ့ ဆာဂျီယို အဂူရိုရဲ့ နှုတ်ဆက်စကား အဂူရို ဖွင့်ပြောလိုက်တဲ့ အကြိုက်ဆုံး သွင်းဂိုး နှစ်ဂိုး

မန်စီးတီး အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သလို လက်ရှိ ဘာစီလိုနာအသင်းမှာ ရှိနေတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို ကန် အဂူရိုက ဒီနေ့မှာပဲ ဘောလုံးသမား အဖြစ်မှ အနားယူလိုက်ပြီ ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်သွားခဲ့လိုက်ပါတယ် ။

အသက် 33 နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး အဂူရိုဟာ ပြီးခဲ့တဲ့ နွေတုန်းက မန်စီးတီး အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားတဲ့နောက် ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ပြသနာတွေကြား ရုန်းကန်ခဲ့ရပါတယ် ။

အခုတော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေ (နှလုံး) ဟာလည်း ဘောလုံး ကစားဖို့ သင့်တော်မှု မရှိတော့တာကြောင့် အဂူရိုဟာ ကစားသမား ဘဝကနေ အနားယူလိုက်ဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက်ပါတယ် ။

” အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ရခြင်း အကြောင်းအရင်းက ကျွန်တော်ဟာ ဘောလုံးလောကကနေ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း အသိပေးဖို့ပါပဲ ။ ကျွန်တော့်ကို အစထဲက ထောက်ခံ အားပေးခဲ့ကြတဲ့ မိသားစု ၊ တိုးတက်လာဖို့ ကူညီပေးခဲ့ကြတဲ့ အသင်းဖော် အားလုံးကို ကျေးဇူးတင်လိုပါတယ် ”

” ကျွန်တော့်ရဲ့ ကစားသမားဘဝ အတွက်တော့ တကယ်ပဲ ဂုဏ်ယူခဲ့ရသလို ပျော်လည်း ပျော်ရွှင်မိပါတယ် ။ ကျွန်တော့်မှာ ဘောလုံး ကစားဖို့ အမြဲတမ်း အိပ်မက် ရှိခဲ့ဖူးပါတယ် ။ ကျွန်တော့်ရဲ့ အိပ်မက်က ဘောလုံး ကစားဖို့ပါ ။ ကျွန်တော် ဥရောပမှာ ကစားခွင့် ရလိမ့်မယ်လို့ ဘယ်တုန်း ကမှ မတွေးခဲ့ဖူးပါဘူး ”

” အခုတော့ ကျွန်တော့်ရဲ့ ကျန်းမာရေးက ဦးစားပေး ဖြစ်လာခဲ့ပါပြီ ။ ကျန်းမာရေး ဝန်ထမ်းတွေဟာ ကျွန်တော့်အတွက် အနားယူလိုက်တာကမှ ပိုကောင်းလိမ့်မယ်လို့ ညွှန်ကြားခဲ့ကြပါတယ် ။ ဒါ့ကြောင့် ကျွန်တော်ဟာ ဘာစီလိုနာ က ထွက်ခွာပြီး ကစားသမား ဘဝကနေ အနားယူလိုက်ရတာပါ ”

” ကျွန်တော်ဟာ ငါးနှစ်သား အရွယ်ထဲက ဘောလုံးကိုပဲ ကစားဖို့ အိပ်မက်ရှိခဲ့တာပါ ။ ဒီနေ့တော့ ကျွန်တော်ဟာ ခေါင်းမော့ရင်ကော့ပြီး ကစားသမားဘဝကနေ အနားယူနိုင်ပါပြီ ။ အခု ကျွန်တော့်ကို ဘယ်အရာက စောင့်နေမလဲ ဆိုတာကို ကျွန်တော်လည်း မသိပါဘူး ”

” လူတွေ အများစုက ကျွန်တော့်ကို ချစ်ကြသလို ကျွန်တော့်ဆီက အကောင်းဆုံး အရာတွေကို မျှော်လင့်ခဲ့ကြတယ်ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်ရဲ့ အသင်းဖော် အားလုံး အကောင်းဆုံး ဖြစ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အားလုံးက အရမ်းကောင်းသလို အကောင်းဆုံးဖြစ်ဖို့ ထိုက်တန်ကြလို့ပါပဲ ”

” ကျွန်တော် ဒီကို စတင်ရောက်လာထဲက သူတို့ အားလုံးဟာ ကျွန်တော့်ကို တကယ့် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြပါတယ် ။ ဒီလို အတွေ့အကြုံမျိုး ကျွန်တော် အသင်းတိုင်းမှာ မရခဲ့ဖူးပါဘူး ။ သူတို့ရဲ့ ပရိသတ်ထုကလည်း ကြီးမားလွန်း ပါတယ် ။ ဒါကို လမ်းမအထက်မှာ ကျွန်တော် မြင်ခဲ့ပြီးပါပြီ ”

” ကျွန်တော် ဘယ်အသင်းတွေမှာ ကစားခဲ့သလဲဆိုတာကို ခေတ္တ ဘေးဖယ်ပြီး သူတို့ အားလုံးကို ကျေးဇူးတင်စကားတွေ ပြောချင်ပါတယ် ။ နေ့ရက် တစ်ခု ကုန်ဆုံးတိုင်း ကျွန်တော်ဟာ ကစားခွင့် ပြန်ရနိုင်ဖို့ မျှော်လင့်ချက်တွေ ထားခဲ့ပါတယ် ။ အခုတော့ ကျွန်တော် သွားရတော့မယ်ဆိုတာ သိလိုက်ပါပြီ ”

” ကျွန်တော်ဟာ အသက် 33 နှစ် အရွယ်ရောက်မှ ကျန်းမာရေး ဖောက်ခဲ့တာပါ ။ ဒီအတွက် ဘုရားသခင်ကို ကျေးဇုးတင်ပါတယ် ။ ကျွန်တော် ဒီ့အရင်က ဘာမှ မဖြစ်ခဲ့လို့ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူးတင်မိပါတယ် ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့ ပတ်သက်လို့ တကယ်ပဲ ပျော်ရွှင်မိပါတယ် “

” ကျွန်တော့်ဘဝမှာ မေ့လို့မရနိုင်တဲ့ အခိုက်အတန့်တွေမှ အများကြီးပါ ။ အင်ဒီပန်းဒန့်မှာ ရေးဆင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တုန်းက ကျွန်တော်ဟာ အသက် 16 နှစ်ပဲ ရှိခဲ့ပါသေးတယ် ။ အဲ့ဒီပွဲက သွင်းဂိုးက ကျွန်တော့် ကစားသမားဘဝရဲ့ ပထမဆုံး အခမ်းနားဆုံး သွင်းဂိုး ဖြစ်ခဲ့ပါတယ် ။

အေတီကို အတွက် ကစားခဲ့စဉ်တုန်းက ယူရိုပါလိဂ်မှာ QPR အသင်းဖက် သွင်းခဲ့တဲ့ ဂိုးကိုလည်း ကျွန်တော် မမေ့နိုင်သေးပါဘူး ” လို့ အဂူရို က နှုတ်ဆက် စကားနဲ့ အတူ သူ့ရဲ့ အနှစ်သက်ဆုံး သွင်းဂိုး နှစ်ဂိုးကို ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar