ဘိုဝင် or ရာဖင်ညာ?? လီဗာပူးတို့ ဘယ်ကစားသမားကို ခေါ်ယူသင့်သလဲဆိုတာ ပြောပြလိုက်တဲ့ ပေါလ်ရော်ဘင်ဆင်

အင်္ဂလန် ဂိုးသမားဟောင်း ဖြစ်သူ ပေါလ်ရော်ဘင်ဆင်က လီဗာပူး အသင်း အနေနဲ့ ဝက်ဟမ်း တိုက်စစ်မှုး ဂျရော့ဘိုဝင် နဲ့ လိဒ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာ တို့ထဲက ဘယ်ကစားသမားကို ခေါ်ယူသင့်သလဲ ဆိုတာကို မှတ်ချက်ပေး သွားခဲ့ပါတယ်။ လီဗာပူးဟာ မိုဟာမက်ဆာလားရဲ့ back up အပြင် တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ အတွက် အဆိုပါ ကစားသမား ၂ ဦး ချိတ်ဆက်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း လီဗာပူး အနေနဲ့ ဒီကစားသမား ၂ ဦး စလုံးကို လာမည့် နွေရာသီကျမှ ချည်းကပ်သွားဖို့ ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ လိဒ်ယူနိုက်တက်တို့ ရလဒ်တွေ မကောင်းဖြစ်နေပေမယ့်လည်း ရာဖင်ညာ ကတော့ ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုး သွင်းယူထားခဲ့ပါတယ်။

 

ဝက်ဟမ်းကို ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ အတွက် စိန်ခေါ်နိုင်အောင် ကူညီပေးထားခဲ့တဲ့ ဘိုဝင် ကတော့ ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၄ ဂိုးပဲ ရယူထားနိုင်ပါသေးတယ်။

အဆိုပါ ကစားသမား ၂ ဦးဟာ မိုဆာလား အတွက် ကောင်းကောင်း back up လုပ်ပေးနိုင်တဲ့ အပြင် တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားပေးနိုင်စွမ်း ရှိကြပေမယ့်လည်း စပါး ဂိုးသမားဟောင်း ရော်ဘင်ဆင် ကတော့ ညာတောင်ပံ တိုက်စစ် အတွက် ဆိုရင် ရာဖင်ညာက ပိုကောင်းတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ရော်ဘင်ဆင်က “ရာဖင်ညာဟာ လီဗာပူး အတွက် ပိုမို ကောင်းမွန်တဲ့ option ဖြစ်နိုင်ပါတယ်။ ဘိုဝင်ဟာ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမို ကူညီပေးနိုင်မှာ ဖြစ်ပေမယ့်လည်း ရာဖင်ညာ ကလည်း ဒီလို လုပ်ဖို့ အတွက် ကြောက်ရွံ့နေတာမျိုး မရှိပါဘူး။

ကျွန်တော် ကတော့ ဘိုဝင်ဟာ ဒေးဗစ်မိုရက်ရဲ့ ဝက်ဟမ်း system နဲ့ ပိုမို အံဝင်ခွင်ကျ ဖြစ်တဲ့ ကစားသမားလို့ ထင်မိပါတယ်။ ဘိုဝင်ဟာ အရည်အသွေးမြင့် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ရာဖင်ညာဟာ Elland Road မှာ ကျွန်တော် မြင်တွေ့ခဲ့ဖူးတဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။

လီဗာပူးရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဆာဒီယိုမာနေး နဲ့ ဒီယေဂိုဂျိုတာ တို့ဟာ ထိပ်တန်း အဆင့် ကစားသမား တွေပါ။ ဒါပေမယ့် ရာဖင်ညာ ကလည်း သူတို့နဲ့ အရမ်း ကွာဟနေတယ်လို့ ကျွန်တော် မထင်မိပါဘူး။

ဒါပေမယ့်လည်း ဒီလို ကစားသမားမျိုးကို ခေါ်ယူသွားဖို့ ဆိုတာ လွယ်ကူတဲ့ deal မဟုတ်ပါဘူး။ ရာဖင်ညာ အတွက် လီဗာပူး အတွက် ငွေကြေးများစွာ သုံးစွဲ သွားရမှာ ဖြစ်ပါတယ်။ သူဟာ ဈေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်နိုင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ရာဖင်ညာဟာ လိဒ်ယူနိုက်တက်နဲ့ လာမည့် ၂၀၂၄ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ဘိုဝင်ကလည်း ဝက်ဟမ်း နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးသူ ဖြစ်ပါတယ်။

SM