ဘာဆာ ရဲ့ တိုက်စစ်ပစ်မှတ်များ ၊ ဒေါသထွက်ရပြန်တဲ့ လီဗာပူး ပရိသတ်များ ၊ UCL Team of Group Stage တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဆာဂျီယို အဂွေရို နားတော့မှာ ဖြစ်တာကြောင့် တိုက်စစ်မှူး လိုအပ် လာတဲ့ ဘာစီလိုနာ ဟာ ဇန်နဝါရီ မှာ တိုက်စစ်မှူးသစ် မဖြစ်မနေ ခေါ်ယူ ရတော့မှာ ဖြစ်ပါတယ် ။

လက်ရှိ မှာတော့ ယူနိုက်တက် ရဲ့ အန်တိုနီ မာရှယ် ၊ အီဒီဆင် ကာဗာနီ တို့ အပြင် ယမန်နေ့ က အသင်း ခေါင်းဆောင် လက်ပတ် ကို ဆုံးရှုံး ခဲ့ရတဲ့ အာဆင်နယ် တိုက်စစ်မှူး အော်ဘားမီးယန်း တို့ ကိုလည်း စောင့်ကြည့် ထားတယ် လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ် ကစားသမားလေး ဖရန်ကီ ဒီယွန် ရဲ့ ဖခင် ကတော့ ဘဏ္ဍာရေး အကြပ် အတည်း ဖြစ်နေတဲ့ ဘာစီလိုနာ ဟာ သား ဖြစ်သူ ဒီယွန် တို့လို ပြောင်းရွှေ့ကြေး များစွာ ရရှိနိုင်တဲ့ ကစားသမားတွေ ကို ရောင်းထုတ်ကာ ဖြေရှင်း လာနိုင်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

 

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာ ရဲ့ တနှစ်တာ အကောင်းဆုံး အသင်း အတွက် နေရာ အလိုက် စကာတင် စာရင်း တွေကို ယမန်နေ့က ထုတ်ပြန် ခဲ့ပြီး မိုဟာမက် ဆာလာ မပါဝင် လာမှု ဟာ လီဗာပူး ပရိသတ်တွေ ကို ဒေါသ ထွက်စေခဲ့ပြီး ဆိုရှယ် မီဒီယာတွေ ထက်မှာ ဝေဖန် ပြောဆို ခဲ့ကြပါတယ် ။

အာဆင်နယ် အသင်း ခေါင်းဆောင်ဟောင်း မာတင် ကီယွန် ကတော့ ကီရင် တိုင်ယာနေး ဟာ အော်ဘားမီးယန်း ဆီက အသင်းခေါင်းဆောင် လက်ပတ် ကို လွှဲပြောင်း ရယူ နိုင်တဲ့ အရည် အသွေး ရှိသူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

 

နယူးကာဆယ် အသင်းဟာ အက်သလက်တီကို မက်ဒရစ် နောက်ခံလူ ထရစ်ပီယာ ကို ဇန်နဝါရီမှာ ခေါ်ယူမယ့် အဓိက ကစားသမား တဦး အဖြစ် သတ်မှတ် ထားတယ်လို့ သိရ ပါတယ် ။

ချဲလ်ဆီး ကနေ ပဲလေ့စ် အသင်းမှာ အငှားလာ ကစားပြီး ခြေစွမ်းပြ နေတဲ့ ကော်နာ ဂယ်လာဟာ က သူ့အနေနဲ့ ဇန်နဝါရီမှာ ချဲလ်ဆီး ထံ ပြန်သွားဖို့ စိတ်ကူး မရှိသေးဘဲ ပဲလေ့စ် မှာသာ ဆက်လက် ကစားသွားဖို့ ဆုံးဖြတ် ထားကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ရက်ဘူး ဆဲလ်ဘု အသင်းမှာ ကစားနေတဲ့ လူငယ် ကြယ်ပွင့်လေး အဒီယီမီ ဟာ ဘာစီလိုနာ ၊ လီဗာပူး ၊ အင်တာ မီလန် တို့လို အသင်းကြီးတွေက စိတ်ဝင်စားနေ ပေမယ့် မူလ ရည်မှန်းချက် ဖြစ်တဲ့ ဒေါ့မွန် ကိုသာ ၂၀၂၂ နွေရာသီ မှာ ပြောင်းရွှေ့ဖို့ စိတ်ကူး ထားကြောင်း သိရ ပါတယ် ။

ယမန်နေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲတွေ မှာတော့ ဗီလာ က နောဝှစ်ချ် စီးတီး ကို ၂ – ၀ နဲ့ အဝေးကွင်းမှာ အနိုင် ကစားခဲ့ပြီး မန်စီးတီး ကတော့ အိမ်ကွင်းမှာ လိဒ် ယူနိုက်တက် ကို ၇ – ၀ နဲ့ ဂိုးပြတ် အနိုင် ရရှိ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ မှာ ကစားခဲ့တဲ့ မာရာဒိုနာ အထိမ်းအမှတ် ခြေစမ်းပွဲ မှာတော့ ဘိုကာဂျူနီယာ ဟာ ဘာစီလိုနာ ကို ပင်နယ်တီ အဆုံးအဖြတ် ၄-၂ ( ပွဲကစားချိန် ၁-၁ ) နဲ့ အနိုင် ရရှိ သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲမှာ ဒါနီ အဲလ်ဗက်စ် ဟာ ဘာစီလိုနာ အတွက် ပထမဆုံး ပြန်လည် ပါဝင် ကစားပေး သွားခဲ့ ပါတယ် ။

ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် ဟာ စတုဂတ် ကို အဝေးကွင်းမှာ ၅-၀ နဲ့ အနိုင် ရခဲ့ပြီး ဂနာဘရီ က ဟက်ထရစ် သွင်းခဲ့သလို လီဝန်ဒေါ့စကီး ရဲ့ ၂ ဂိုးစလုံး ကိုလည်း ဖန်တီးပေး သွားခဲ့ ပါတယ် ။

ချန်ပီယံလိဂ် အုပ်စု အဆင့် ရဲ့ အကောင်းဆုံး အသင်းမှာ ပါဝင် ခဲ့ကြသူတွေ ကတော့ –

ဗလာချိုဒီမိုစ့် ( ဘင်ဖီကာ )

ကန်ဆယ်လို ( မန်စီးတီး ) ၊ အော့တာမန်ဒီ ( ဘင်ဖီကာ ) ၊ ခရစ်ရှန်ဆန် ( ချဲလ်ဆီး )

ဆာနေး ( ဘိုင်ယန် ) ၊ အန်ကွန်ကူ ( လိုက်ပ်ဇစ် ) ၊ ဒန်ဂျူးမား ( ဗီလာရီးရဲ ) ၊ ဆာလာ ( လီဗာပူး )

ဟေလာ ( အိုင်ယက်စ် ) ၊ လီဝန်ဒေါ့စကီး ( ဘိုင်ယန် ) ၊ အမ်ဘာပေ ( PSG ) တို့ပဲ ဖြစ်ကြပါတယ် ။

SPORTS MYANMAR