ဘာစီလိုနာ အတွက် သတင်းဆိုး ၊ ဘင်ဖီကာ အတွက် သတင်းကောင်းကို ပြောပြလိုက်တဲ့ ဘိုင်ယန်မြူးနစ် နည်းပြ နာဂျယ်မန်း

စပိန် လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် ဘိုင်ယန်မြူးနစ် နဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ် နေပါတယ် ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြ နာဂျယ်မန်းစ် ကတော့ ဘာစီလိုနာကို အလျှော့ပေးသွားဖို့ မရှိပါဘူး ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ၁၆ သင်း ရှုံးထွက် အဆင့် ကို တက်ရောက်ပြီးသား ဖြစ်သလို ဘာစီလိုနာ နဲ့ ပွဲမှာ ဘယ်လို ရလဒ်ပဲ ထွက်ထွက် အုပ်စု ပထမနဲ့ နောက်တစ်ဆင့်ကို တက်လှမ်း နိုင်မှာပါ ။ ဘာစီလိုနာ အသင်းကတော့ အုပ်စု ဒုတိယနဲ့ နောက်တစ်ဆင့် တက်နိုင်ဖို့ ဆိုရင် ဘင်ဖီကာ ထက် ရလဒ်ကောင်းအောင် ကစားနိုင်ဖို့ လိုအပ်နေပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းဟာ နောက်တစ်ဆင့် တက်ပြီးသား ဖြစ်တာကြောင့် ဘာစီလိုနာ နဲ့ ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးပြီး အရန်တွေနဲ့ ပွဲထုတ်လို့ ရပေမယ့် နည်းပြ နာဂျယ်မန်း ကတော့ အဲ့ဒီလို လုပ်ဖို့ အစီအစဉ် မရှိကြောင်း ပြောကြား သွားခဲ့ပါတယ်

” ကျွန်တော်တို့ အနေနဲ့ ကစားလို့ရနိုင်တဲ့ ကစားသမားတွေထဲက အကောင်းဆုံး ပွဲထွက် လူစာရင်း နဲ့ ရင်ဆိုင် ကစားသွားမှာပါ ။ အဲ့ဒါကြောင့် ဘင်ဖီကာ အသင်းကို စိုးရိမ် မနေဖို့ ဒီကနေ ပြောချင်ပါတယ်ဗျာ ။ ” လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ် အသင်းမှာ ဒဏ်ရာ နဲ့ ကိုဗစ် ပြဿနာတွေ ရှိနေပါတယ် ။ ဂေါ်ရက်ဇ်ကာ ၊ နာဘရီ ၊ ဆဘစ်ဇာ တို့ အားလုံး ဒဏ်ရာ ပြဿနာ ရှိနေကြပြီး ကင်မစ်ရှ် ကလည်း ကိုဗစ် ကူးစက် ခံထားရတာကြောင့် ဘာစီလိုနာ နဲ့ ပွဲကို လွဲချော် သွားမှာပါ ။

” ဂျိုရှ့်ကို မနက်ဖြန် ထပ်မံ စမ်းသပ် စစ်ဆေး သွားမှာပါ ၊ သူ ကွာရာတင်း ကနေ ထွက်လို့ ရပြီ ဖြစ်ပေမယ့် မနက်ဖြန် ပွဲမှာ ထည့်ကစားဖို့ကတော့ မဖြစ်နိုင်သေးပါဘူး ။ စနေနေ့ပွဲ အတွက် ကစားလို့ ရနိုင် မရနိုင်ပဲ စောင့်ကြည့် ရမှာပါ ။ ”

နူးကမ့်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပထမအကျော့တုန်းကတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဘာစီလိုနာ ကို ၃ ဂိုးပြတ် အနိုင် ရခဲ့ပါတယ် ။ နာဂျယ်မန်း ကတော့ ဘာစီလိုနာ အသင်းဟာ သူတို့ အသင်းကို ကောင်းကောင်း ဒုက္ခ ပေးနိုင်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။

” ဘာကာ မှာ ကမ္ဘာ့အဆင့် ကစားသမားတွေ ရှိနေပါသေးတယ် ၊ သူတို့ အုပ်စု အဆင့်မှာ ဖိအားများနေပြီး အနိုင်ရဖို့လည်း လိုအပ် နေပါတယ် ၊ အနိုင်ရဖို့ အတွက် သူတို့ အစွမ်းကုန် ကြိုးစား ကစားကြ ပါလိမ့်မယ် ။ ”

” ကျွန်တော်တို့ကတော့ သူတို့ကို ပြိုင်ပွဲကနေ ဖယ်ထုတ်နိုင်ဖို့ ဆိုတာထက် ၃ မှတ် ရဖို့ကိုပဲ ဦးတည် ကစားသွားမှာပါ ။ ကျွန်တော်ကတော့ သူတို့ကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းစာရင်းမှာ ထည့်သွင်း ထားပါတယ် ။ ”

” အုပ်စု ပထမ နေရာ ကို အခိုင်အမာ ရယူပြီး ပွဲကစားရမှာ ဖြစ်တဲ့ အတွက် ပျော်ရွှင်မိပါတယ် ၊ ဘာပဲဖြစ်ဖြစ် ဒီပွဲက အရေးပါတဲ့ ပွဲတစ်ပွဲပါပဲ ၊ ချန်ပီယံလိဂ် ပြိုင်ပွဲက အမြဲတမ်း ထူးခြားမှုတွေ နဲ့ ပြည့်နှက် နေတာပါ ၊ ကျွန်တော်တို့ အနေနဲ့ အုပ်စု က တခြားအသင်းတွေ အပေါ်လည်း တရားမျှတမှု ရှိဖို့ လိုပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM