ဘာစီလိုနာ ကို ဂိုးသွင်းရုံမက စကားလုံးတွေနဲ့ပါ ထိုးနှက်လိုက်တဲ့ သောမတ်စ် မူလာ

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး သောမတ်စ် မူလာ ကတော့ မနေ့ ညက ပွဲမှာ အပြောနဲ့ အလုပ် ညီကြောင်း သက်သေပြသွားခဲ့ ပါတယ် ။

ရွှေဘောလုံး ဆုပေးပွဲမှာ အသင်းဖော် လီဝန်ဒေါ့စကီး ဆု မရရှိမှု ဟာ ဘိုင်ယန် အသင်းသားတွေ ကို တွန်းအား ဖြစ်စေပြီး ဘာစီလိုနာ ကို အနိုင် ကစားဖို့ ဆန္ဒ ပြင်းပြ လာလိမ့်မယ်လို့ ပြောခဲ့တဲ့ အတိုင်း မူလာ ဟာ မနေ့ ညက ဘာစီလိုနာ နဲ့ ကစားခဲ့တဲ့ ပွဲမှာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဘိုင်ယန် ကို ၃-၀ နဲ့ အနိုင် ရရှိ စေခဲ့ ပါတယ် ။

ဒီရှုံးပွဲ ဟာ ဘာစီလိုနာ ကို အကြီး အကျယ် အထိနာစေခဲ့ပြီး ဘင်ဖီကာ အသင်းနိုင်ပွဲ ရရှိ ခဲ့တာကြောင့် ဇာဗီ ဟာနန်ဒက်စ် ရဲ့ အသင်းဟာ ၂၁ နှစ် အကြာမှာ ယူရိုပါလိဂ် ကို ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိ သွားခဲ့ရ ပါတယ် ။

ပွဲ အပြီးမှာတော့ မူလာ ဟာ ဘာစီလိုနာ ဟာ အသင်းကြီး တသင်း ဖြစ်ဖို့ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေ ရှိနေ သေးတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဘာစီလိုနာ က အသင်းကြီးချင်း တွေ့တဲ့ အချိန်မှာ ဖြစ်လာတဲ့ ပြင်းထန်တဲ့ အားပြိုင်မှုတွေ ၊ ဖိအားတွေ အပေါ်မှာ လွှမ်းမိုးမှု မရှိ နိုင်ခဲ့ဘူးလို့ ထင်ပါတယ် ။

တနည်း ပြောရရင်တော့ သူတို့ မှာ အသင်းကြီး တသင်းရဲ့ စိတ်ပိုင်းဆိုင်ရာမျိုး မရှိ နေခဲ့တာပါ ။

ကျန်တာကတော့ သူတို့ မှာ နည်းစနစ်ပိုင်းရော နည်းဗျူဟာ ကျကျရော ကစားနိုင်သူတွေ ရှိပါတယ် ။

ဒါပေမယ့် ဒီလို ပြင်းထန်တဲ့ အားပြိုင်မှုမျိုးကို သူတို့ မခံ နိုင်ကြသေးပါဘူး” လို့ မူလာ က ပြောဆို သွားခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ ဒီဘက်နှစ်တွေမှာ ဘာစီလိုနာ နဲ့ ရင်ဆိုင်တွေ့တိုင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင် ထားခဲ့ ပါတယ် ။

ဘာစီလိုနာ ရဲ့ ချန်ပီယံလိဂ် သမိုင်းတလျောက် အကြီးမားဆုံး ရှုံးပွဲ ဟာလည်း ဘိုင်ယန် ကို ၈-၂ နဲ့ ရှုံးနိမ့်ပြီး ဖြစ်လာခဲ့ တာပါ ။

ဒီနှစ် ချန်ပီယံလိဂ် အုပ်စု အဆင့်မှာလည်း ဘိုင်ယန် ဟာ ဘာစီလိုနာ ကို အိမ်ကွင်း မှာရော အဝေးကွင်း စပိန်မြေမှာပါ ၃-၀ ရလဒ်တွေ နဲ့ အနိုင် ကစားနိုင်ခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ မနေ့ညက ရလဒ် မတိုင်ခင် ကတည်းက အုပ်စု ပထမ နေရာ သေချာ နေခဲ့ပေမယ့် အုပ်စုတွင်း ၁၀၀% နိုင်ပွဲ ရယူဖို့ အားထုတ် ကစားသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကို အနိုင် ရခဲ့တာကြောင့် ဘိုင်ယန် ဟာ အုပ်စု ပွဲစဉ် ၆ ပွဲစလုံးကို အနိုင် ရပြီး အိုင်ယက်စ် ၊ လီဗာပူး တို့နဲ့ အတူ ဒီရာသီ ချန်ပီယံလိဂ် မှာ အုပ်စုတွင်း ၁၀၀% နိုင်ပွဲ ရရှိတဲ့ အသင်း ဖြစ်လာခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ ၂၀၁၉-၂၀ ရာသီတုန်းကလည်း အခုလို အုပ်စုတွင်း ၁၀၀% အနိုင်ရပြီး နောက်တဆင့် တက်လှမ်းကာ အဆုံးမှာ ချန်ပီယံ ဖြစ်ခဲ့ဖူး ပါတယ် ။

လက်ရှိ မှာလည်း အုပ်စု အဆင့်က ခြေစွမ်းတွေကြောင့် ဘိုင်ယန် ဟာ လီဗာပူး ၊ မန်စီးတီး ၊ PSG တို့နဲ့ အပြိုင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းတွေထဲမှာ ပါဝင် နေခဲ့ ပါတယ် ။

ချန်ပီယံလိဂ် ရှုံးထွက် အဆင့် အတွက် မဲခွဲပွဲ ကိုတော့ လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး အုပ်စု ပထမ အသင်းတွေဟာ ရှုံးထွက် ပထမအကျော့ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ် ။

၁၆ သင်းဆင့် ပွဲစဉ် ပထမအကျော့ ကိုတော့ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅-၁၆ နဲ့ ၂၂-၂၃ ရက်နေ့တွေ မှာ စတင် ယှဉ်ပြိုင် သွားကြမယ်လို့ သတင်း ရရှိ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR