ဘရိုက်တန်နဲ့ ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အသိပေးခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဘရိုက်တန် အသင်းကို တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့တာကြောင့် ၊ အဖိုးတန် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ပြီ ဖြစ်ရာ ၊ အမှတ်ပေးဇယား ထိပ်ဆုံးက လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ၈မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲရဲ့ ၂၈မိနစ်မှာ ရခဲ့တဲ့ ထောင့်ကန်ဘောမှ တဆင့် ရိုမီလူ လူကာကူ က ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၊ နာကျင် အချိန်ပိုမှ ဘရိုက်တန်ဖက်က လူစားဝင် တိုက်စစ်မှူး ဒန်နီ ဝဲလ်ဘတ်ရဲ့ free header ကို ခွင့်ပြုလိုက်ရတာကြောင့် ၊ ချန်ပီယံ မျှော်လင့်ချက်နဲ့ ဝေးသထက် ဝေးလာပြီ ဖြစ်ပါတယ် ။

တပူပေါ် ၂ပူဆင့် ဆိုသလို ၊ ချဲလ်ဆီးမှာ ၂မှတ် လျော့ခဲ့တဲ့ အပြင် ၊ အဓိက ကစားသမား ၂ဦး ဖြစ်တဲ့ ရိစ်ဂျိမ်းစ်နဲ့ အန်ဒရီယာစ် ခရစ်တန်ဆန် တို့လည်း ပထမပိုင်း အတွင်း ဒဏ်ရာ အသီးသီး ရခဲ့လို့ ၊ မားကို့စ် အလွန်ဆို ၊ ထရက်ဗာ ချာလိုဘာတို့နဲ့ အသီးသီး လူစားလဲခံခဲ့ရပါတယ် ။

ဒီပွဲမတိုင်ခင်မှာ အားထားရတဲ့ ဘရာဇီး ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား ဒဏ်ရာ ရခဲ့သလို ၊ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ တိုက်စစ်မှူး တီမို ဗာနာ တို့ဟာလည်း ကိုဗစ်က ပြန်မလာနိုင်သေးပါဘူး ။ ပြင်သစ် ကွင်းလယ် အင်ဂျင် အန်ဂိုလို ကန်တေ ဟာလည်း ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အတွက် ဒုတိယပိုင်း မိနစ် အချို့သာ လူစားဝင် ပါဝင်ခဲ့ရပါတယ် ။

နှစ်သစ်မှာ ချဲလ်ဆီး ဟာ အနီးကပ် ပြိုင်ဖက် လီဗာပူးကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ အဖွင့် လက်ခံ ကစားဖို့ ရှိနေပေမယ့် ၊ ဘရိုက်တန်နဲ့ ပွဲရလဒ် အပြင် ၊ ဒဏ်ရာစာရင်းပါ ထပ်တိုးလာခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲမှာ ချဲလ်ဆီးတို့ အမှတ် ထပ်လျော့ခဲ့မယ် ဆိုရင် ချန်ပီယံ ပြေးလမ်းကြောင်း ကနေ ရာနှုန်းပြည့် လွင့်စင်သွားပြီလို့ သတ်မှတ်ရဖို့ များနိုင်ပါတယ် ။

ီဒီဇင်ဘာ မတိုင်ခင် အထိ ပန်းခင်းလမ်းကို လျှောက်လှမ်းနေရာကနေ ၊ အားထားရတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ကာလရှည် ဒူးအရွတ် ဒဏ်ရာ ရခဲ့တဲ့ အခြေအနေက စပြီး ၊ အခုအချိန် အထိ ချဲလ်ဆီး ဟာ ပြဿနာပေါင်း မြောက်မြားစွာ ရင်ဆိုင်ရလျက်ရှိပါတယ် ။

မနေ့က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ရိစ်ဂျိမ်းစ် ဟာ တံကောက်ကြော ဒဏ်ရာ ၊ ခရစ်တန်ဆန် က နောက်ကျော ဒဏ်ရာ ရခဲ့တာ ဖြစ်ကြောင်း အတည်ပြုခဲ့သလို ၊ ရိုမီလူ လူကာကူရဲ့ လက်ရှိ ကြံ့ခိုင်မှု အခြေအနေကိုပါ အခုလို အသိပေး ပြောဆိုခဲ့ပါတယ် ။

တူချယ် က ” ရိစ်ဂျိမ်းစ် ဟာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ပြီး ၊ အန်ဒရီယာစ် ကတော့ နောက်ကျော ဒဏ်ရာပါ ။ ဒါက ကျွန်တော်တို့ အတွက် အရမ်း များလွန်းနေပါပြီ ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ပြိုင်ဖက် တသင်းနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သိထားပြီးသားပါ ။ သူတို့ဟာ ဒီနေ့ပွဲ အတွက် သေသေချာချာ ပြင်ဆင်ခဲ့ပါတယ် ။ ”

” အမြဲတမ်း ဒီလိုချည်းပါပဲ ။ ဒီရာသီ ဘရိုက်တန်နဲ့ ရင်ဆိုင်ရတဲ့ အခါတိုင်း ဘယ်အသင်းမှ ကောင်းကောင်း မကစားရပါဘူး ။ ဒီနေ့မှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာ ရှင်းနေပါတယ် ။ ဘယ်လောက်ထိ တောင်းဆိုရမယ် ဆိုတာ မသိတဲ့ ကစားသမား အများစုကိုသာ လောလောဆယ် ကျွန်တော်တို့ အသုံးပြုနေရပါတယ် ။ ”

” ကျွန်တော်တို့မှာ ကာလရှည် ၊ ကာလတို ဒဏ်ရာမျိုးစုံ ရနေသူတွေ ရှိတယ် ၊ ကိုဗစ်ဒဏ် ခံထားရသူတွေ ရှိတယ် ၊ ကြံ့ခိုင်မှု မပြည့်သေးတဲ့သူတွေလည်း ရှိနေပါတယ် ။ သူတို့ ဘယ်လောက်ထိ အားထုတ်ပေးနိုင်တယ် ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး ။ တီမို ဗာနာ ဟာလည်း ကိုဗစ်က အခုထိ ပြန်မကောင်းသေးသလို ၊ လေ့ကျင့်ရေးလည်း မဆင်းနိုင်သေးပါဘူး ။ ”

” ရိုမီလူနဲ့ ပတ်သက်ပြီး ပြောရရင် ၊ ကြံ့ခိုင်မှု အရမ်း မကောင်းနေတဲ့ အချိန်မှာတောင် အခုလောက်ထိ ကစားပေးနေတာကို ကျွန်တော် အံ့သြမိပါတယ် ။ ဒါကို သူ ဘယ်လောက် ကြာကြာ လုပ်ပြနိုင်မလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး ။ ဘယ်သူမှလည်း သိမှာ မဟုတ်တဲ့ အတွက် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ”

” ဒဏ်ရာ ၊ ကိုဗစ်တွေကြောင့် ၆ပတ်ကနေ ၈ပတ်လောက် အထိ နားနေရချိန် ၊ ကိုဗစ်က ပြန်လာပြီးပြီးချင်း လေ့ကျင့်ရေး အစီအစဉ်ကို တကြိမ်လောက် ကောင်းကောင်း ပူးပေါင်းပြီးတာနဲ့ သူ ချက်ချင်း ကစားပြနိုင်တာကို ကျွန်တော် အံ့သြမိပါတယ် ။ ဒါဟာ အခု ကျွန်တော်တို့ ကြုံနေရတဲ့ အခိုက်အတန့်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR