ဘရာဇီး ရဲ့ ဂန္တဝင် ဂိုးသမားဟောင်းကြီး တာဖာရယ် ကို ဂိုးနည်းပြ အဖြစ် ခန့်အပ်လိုက်ရတဲ့ အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ ကလော့ပ်

လီဗာပူး ဟာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ဂိုးနည်းပြကြီး တာဖာရယ် ကို စီနီယာ ဂိုးနည်းပြ အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း အင်္ဂါနေ့ ကတည်းက တရားဝင် ထုတ်ပြန် ကြေငြာထားခဲ့ပါတယ်။ တာဖာရယ် ဟာ ဘရာဇီး လက်ရွေးစင် အသင်းနဲ့ အတူ 1994 ကမ္ဘာ့ဖလား ကို သိမ်းပိုက် ခဲ့သူ ဖြစ်ကာ ၊ 1998 ကမ္ဘာ့ဖလားမှာလဲ ဒုတိယ နေရာ ရအောင် ထပ်မံ စွမ်းဆောင်ပြခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို ဘရာဇီး ဘောလုံး လောက ကနေ ပေါ်ထွက်လာခဲ့တဲ့ ဂန္တဝင် ဂိုးသမားကြီး တစ်ယောက်လို့ သတ်မှတ်ထားကြပြီး ၊ လီဗာပူး က ခေါ်ယူခန့်အပ်ခဲ့တာ နဲ့ ပတ်သက်လို့ ကလော့ပ် ကိုယ်တိုင်က အခုလို ရှင်းလင်း ပြောပြသွားခဲ့ ပါတယ်။

“ တာဖာရယ် က တကယ်ကို တော်တဲ့သူပါ။ သူနဲ့ တွေ့ရတာ ခဏလေး ဆိုပေမယ့် ၊ အဲဒီ အခိုက်အတန့်မှာ ကတည်းက ကျနော်အသင်းမှာ ရှိတဲ့ ဂိုးသမားလေးတွေ အတွက် ဆိုပြီး စိတ်ထဲမှာ တန်းပေါ်လာခဲ့ပါတယ်။

လီဗာပူး မှာ သက်တမ်းအလိုက် ထူးချွှန်ပြောင်မြောက်တဲ့ ဂိုးသမားတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ အလီဆွန် က စလို့ ကယ်လာဟာ ၊ ပီတာလူဂါ ၊ ဟာဗေး ဒေးဗီး နဲ့ အိုင်ယာလန် မှာ အငှားနဲ့ သွားကစားနေတဲ့ ဂျာရော့စ် တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားလို့ ၊ ဂိုးသမား ဌာနဟာ နားရတယ်လို့ကို မရှိပါဘူး။

ဒါကြောင့် အဲဒီလို ဂိုးသမားတွေ အတွက် တကယ်ကို ထိထိရောက်ရောက် ဖြစ်မယ့် ဖြေရှင်းချက်တွေ ဆွဲထုတ်နိုင်ဖို့ ချဉ်းကပ်ကြည့်ခဲ့သလို ၊ ကိုယ်ပိုင် အိုက်ဒီယာ အပြည့်နဲ့ လည်ပတ်တဲ့ Goalkeeping Department တစ်ခုလဲ ဖန်တီးထားချင်တယ်လေ။

အဲဒီ အကြောင်းအရင်းတွေကြောင့်ပဲ ကမ္ဘာ့အဆင့် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တဲ့ ဂိုးသမားကြီးဟောင်း တစ်ယောက်ကို ထပ်မံ ခေါ်ယူဖို့ စဉ်းစားဖြစ်ခဲ့ပါတယ်။ လောလောဆယ်မှာ တာဖာရယ် ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား နှစ်ယောက် (အီဒါဆင် ၊ အလီဆွန်) နဲ့ အတူ ဘရာဇီး လက်ရွေးစင် အသင်းမှာ တာဝန်ယူထားသူပါ။

ဒါနဲ့ သူ့ရဲ့ အကြောင်းကို အလီဆွန် ကနေ တဆင့် စုံစမ်းဖြစ်ခဲ့ပါတယ်။ အလီ ကိုယ်တိုင်က အဲဒီ အိုက်ဒီယာကို ကျေကျေနပ်နပ် နဲ့ ကြိုဆိုခဲ့သလို ၊ တာဖာရယ် နဲ့ မျက်နှာချင်းဆိုင် စကားပြောချိန်မှာလဲ ကျနော်တို့ ဖြစ်ချင်တဲ့ ပုံစံတွေ နဲ့ ပတ်သက်ပြီး သဘောတွေ ကျနေခဲ့တာပါ။

ဒါကြောင့် ဒီခြေလှမ်းဟာ ထိရောက်မှု အပြင် စိတ်လှုပ်ရှားဖို့လဲ ကောင်းပါတယ်။ သူက လူတော်တစ်ယောက် ဖြစ်သလို ၊ ကျနော့်ထက်လဲ အသက်ကြီးပါတယ်။ အရင်ကတော့ နည်းပြ အဖွဲ့ဝင်တွေ အားလုံးမှာ ကျနော် အကြီးဆုံးပေါ့ဗျာ။

ဒီနေရာမှာ သတင်းမှားတွေ လျှောက်ပြီး မဖြန့်ကြဖို့ ကြိုတင် ပြောထားချင်တာလေး တစ်ခုရှိပါတယ်။ လက်ရှိ ဂိုးနည်းပြကြီး ဂျွန် အက်ချ်တာဘတ် ဟာ ကလပ် နဲ့ 2024 ခုနှစ် အထိ သက်တမ်း ဆက်တိုးထားပြီးပြီ ဖြစ်သလို ၊ ဂိုးနည်းပြချုပ် အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်သွားမှာပါ။ အဲဒီလိုမှ မရှင်းပြရရင်လဲ တချို့က လိုရာတွေ ဆွဲတွေးပြီး ရေးတတ်ကြလွန်းလို့ပါ။ တာဖာရယ် ကတော့ နောက်ထပ် ကောင်းမွန်တဲ့ ပေါင်းစပ်မှုမျိုးပေါ့” လို့ မှတ်ချက်ပေးသွားခဲ့ ပါတယ်။

တာဖာရယ် ဟာ လီဗာပူး ကို ရောက်ရှိလာသော်လဲ သူ့ရဲ့ လက်ရွေးစင် အသင်း တာဝန်တွေကို စွန့်လွှတ်သွားမှာ မဟုတ်ပဲ ၊ ရာထူး နှစ်ခု စလုံးမှာ ပူးတွဲ တာဝန်ယူ လုပ်ကိုင်ပေးသွားမှာ ဖြစ်ပါတယ်။

SPORTS MYANMAR