ဘဏ္ဍာရေး အကြပ်အတည်းတွေ ဖြစ်နေတဲ့ ဘာစီလိုနာ ဟာ တောရက်စ် ကို ဘယ်လိုပုံစံနဲ့ ခေါ်ယူခဲ့တာလဲ ?

ဘာစီလိုနာ က မန်စီးတီး တောင်ပံ ကစားသမားလေး ဖာရန် တောရက်စ် ကို ခေါ်ယူဖို့ ကြိုးစား နေတယ်ဆိုတဲ့ သတင်းတွေဟာ ဒီဇင်ဘာ ဒုတိယ အပတ်လောက် စတင်ပြီး ထွက်ပေါ်လာခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေ ရှိနေတဲ့ အသင်း ဖြစ်ပြီး မက်ဆီ လို ကစားသမား မျိုးကိုပင် လုပ်ခ လစာ ပြဿနာကြောင့် လက်လွှတ် ဆုံးရှုံး ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ် ။

ဒီရာသီ ခေါ်ယူထားတဲ့ ကစားသမား အများစု ဟာလည်း ပြောင်းရွှေ့ကြေး မပေးရတဲ့ အလွတ် စာချုပ် ကစားသမားတွေပါ ။

 

ဒါတောင်မှ အသင်းရဲ့ ဘဏ္ဍာရေး ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ စီနီယာ အသင်းသားတွေရဲ့ လစာကို လျော့ယူ ပေးဖို့ ညှိနှိုင်း နေရတုန်း ပါပဲ ။

ဒါကြောင့် ဒီလို ခက်ခဲနေတဲ့ ဘာစီလိုနာ ဟာ ဖာရန်တောရက်စ် ကို ယူရို ၅၅ သန်း လောက် ပေးပြီး ခေါ်ယူဖို့ သဘောတူညီမှု ရရှိ သွားခဲ့တာဟာ ဘောလုံး လောကကို ပါးစပ် အဟောင်းသား ဖြစ်စေခဲ့ ပါတယ် ။

ဘာစီလိုနာ က ငွေရှိလျက် နဲ့ မရှိချင်ယောင် သတင်းလွှင့်ခဲ့ တာလား ၊ ဒါမှ မဟုတ် အကူအညီတွေ ရခဲ့တာလား ၊ လာမယ့် ဇန်နဝါရီမှာ ရောင်းထုတ်မယ့် ကစားသမားတွေ ဆီက ရတဲ့ ငွေနဲ့ ပြန်ပြီး ချေလို့ ရလောက်လို့ အခုလို ဝယ်ဖို့ စီစဉ် ခဲ့တာလား . . . မေးခွန်းတွေ က ပေါ်ထွက် လာခဲ့ ပါတယ် ။

တကယ်တော့ ဘာစီလိုနာ ဟာ ဖာရန် တောရက်စ် ကို ခေါ်ယူဖို့ လွန်ခဲ့တဲ့ ၁ လ ကျော် ကတည်းက စီစဉ် နေခဲ့ တာပါ ။

အသင်းရဲ့ အကြီးအကဲ တဦး ဖြစ်သူ ဖာရန် ရီဗာတာ နဲ့ ဘောလုံးဆိုင်ရာ ဒါရိုက်တာ အလီမာနီ တို့ဟာ စီးတီး ရဲ့ လေ့ကျင့်ရေးကွင်း ကို နိုဝင်ဘာ ကတည်းက လာရောက် ခဲ့ပြီး တောရက်စ် အတွက် ကုန်ကျမယ့် ငွေကြေး အကြောင်းတွေကို မန်စီးတီး တာဝန်ရှိသူတွေ နဲ့ ရက်သတ္တပတ်ပေါင်း များစွာ ဆွေးနွေး ခဲ့တယ်လို့ သိရ ပါတယ် ။

နောက်ဆုံး မှာတော့ ပေါင် ၄၆ သန်း နဲ့ သဘောတူခဲ့ ကြပြီး နောက်ထပ် ပေါင် ၈ သန်း ကိုလည်း အပိုဆုကြေး အဖြစ် စာချုပ် ထဲမှာ ထည့်သွင်း ချုပ်ဆိုဖို့ ညှိနှိုင်း ခဲ့ကြပါတယ် ။

ဒါ့အပြင် ဘာစီလိုနာ သာ ဖာရန်တောရက်စ် ကို အခြားအသင်း တသင်းသင်းထံ ရောင်းထုတ် ခဲ့မယ်ဆိုရင်လည်း မန်စီးတီး ဟာ အပြောင်းအရွှေ့ ရဲ့ တစိတ် တပိုင်းကို ရရှိဦးမှာပါ ။

ဒီအတွက် ဘာစီလိုနာ တို့ ပြန်ရလိုက်တာ ကတော့ သက်သာပြီး ကြာမြင့်တဲ့ ငွေပေးချေမှု ပုံစံ ပါပဲ ။

စပိန် ဂျာနယ်လစ် အယ်လ်ဗာရို မွန်တဲရိုး ရဲ့ ဖော်ပြချက် အရ မန်စီးတီး ဟာ ဖာရန် တောရက်စ် နဲ့ ပတ်သက်ပြီး ဘာစီလိုနာ အပေါ် အတော်လေး ရက်လျာ ခဲ့တယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ ဟာ တောရက်စ် အတွက် ပြောင်းရွှေ့ကြေး ကို အရစ်ကျ ပေးချေမှာ ဖြစ်ပေမယ့် ပုံမှန် အရစ်ကျ ပေးချေမှုတွေ ထက် ပမာဏ နည်းပါးသလို အချိန် ကာလ ကိုလည်း ပိုမို ခွင့်ပြု ပေးထား ခဲ့တယ်လို့ သိရှိရ ပါတယ် ။

 

ပုံမှန်အားဖြင့် အရစ်ကျ စနစ်ဟာ ကစားသမား နဲ့ အသင်းသစ်ရဲ့ စာချုပ်သက်တမ်း အပေါ် မူတည်ပြီး တနှစ်ကို ဘယ်လောက်နှုန်း နဲ့ ပေးချေ ကြတာပါ ( ဥပမာ – ၅ နှစ်စာချုပ်ချုပ်ရင် တနှစ်ကို ဘယ်လောက် နဲ့ ၅ နှစ် အရစ်ကျ ) ။

ဒါပေမယ့် မန်စီးတီး ကတော့ အဲ့ဒါထက် ပိုပြီး ဘာစီလိုနာ ကို အချိန်ပေးခဲ့သလို တရစ်ချင်း ပေးရမယ့် ပမာဏ ကိုလည်း လျော့ပေးခဲ့ပုံ ရတယ်လို့ မွန်တဲရိုး က ရေးသားခဲ့ ပါတယ် ။

ဖာရန်တောရက်စ် ကိုယ်တိုင် ကလည်း စီးတီးမှာ ရနေတဲ့ လုပ်ခ လစာ ကို စပိန်မှာ ရရှိဖို့ မလွယ်တော့ ပါဘူး ။

လာလီဂါ ရဲ့ လုပ်ခ လစာ စည်းမျဉ်း အချိုး အရ တောရက်စ် ကို လုပ်ခ လစာ လျော့ပြီး မခေါ်ဘူးဆိုရင် စီနီယာတွေ ဖြစ်တဲ့ ဂျော်ဒီ အယ်ဘာ နဲ့ ဘက်စကွက် တို့ ၂ ယောက်စလုံး လုပ်ခ လစာ လျော့ယူ ပေးဖို့ လိုအပ်မယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ အသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ အကြပ်အတည်း ရှိနေတာ ကတော့ အမှန်ပါပဲ ။

အသင်းရဲ့ ကြွေးမြီဟာ ပေါင် သန်း ၈၅၀ နီးပါး ရှိနေ ပါတယ် ။

ဒါပေမယ့် သူတို့ဟာ Goldman Sachs ဆီကနေ ပေါင် သန်း ၅၀၀ ကျော်ကို ချေးယူ နိုင်ခဲ့ပြီး အဲ့ဒါဟာ သူတို့ အတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေခဲ့ ပါတယ် ။

ဒီ ချေးငွေ ကို ၃၅ နှစ် အရစ်ကျ ပြန်ဆပ်ရမှာ ဖြစ်တာကြောင့်လည်း ဘာစီလိုနာ အတွက် များစွာ အသက်ရှူ ချောင်စေခဲ့ ပါတယ် ။

ဒါ့အပြင် ဇန်နဝါရီမှာ လုပ်ခ လစာ မြင့်မားတဲ့ အမ်တီတီ ၊ ကော်တင်ဟို တို့လို ကစားသမားတွေကို ရောင်းထုတ် သွားဖို့ စီစဉ် ထားပြီး သူတို့ ကို ခေါ်ယူမယ့် အသင်းတွေ ကတော့ လောလောဆယ် မရှိသေးဘူးလို့ ဆိုရမှာပါ ။ ( လုပ်ခ လစာ မြင့်တာကြောင့် )

ဘာပဲ ဖြစ်ဖြစ် ဖာရန်တောရက်စ် ကို ခေါ်ယူ လိုက်နိုင်တာ ကတော့ ဘာစီလိုနာ အတွက် ကောင်းတဲ့ အရာ တခု ဖြစ်ြံပီး အရည်အသွေး ရှိတဲ့ ကစားသမားတွေကို ခေါ်ယူ နိုင်ဆဲ ရှိသေးကြောင်း ပြသလိုက်တာ လို့လည်း ဆိုရမှာ ဖြစ်ပါတယ် ။

 

SPORTS MYANMAR