“ ဗီလာ က ဂိုးသွင်းနိုင်ရင် သူ့မှာ အောင်ပွဲခံခွင့် အပြည့်အ၀ ရှိပါတယ်” ကလော့ပ်

လီဗာပူး နည်းပြ ယာဂန် ကလော့ပ် က အသင်းခေါင်းဆောင်ဟောင်း ဂျရတ် အနေနဲ့ ဗီလာ နဲ့ အတူ အန်ဖီးလ် ကို ပြန်လည် ရောက်ရှိလာချိန်မှာ သူ့အသင်းဘက်က ဂိုးသွင်းခဲ့ရင် အောင်ပွဲခံခွင့် အပြည့်အ၀ ရှိနေတယ်လို့ ပြောဆိုလိုက်ပြီး ၊ သူ ကိုယ်တိုင်လဲ အလားတူ အခြေအနေတွေ ကြုံခဲ့ဖူးတာကြောင့် ကိုယ်ချင်းစာစိတ် အပြည့်အ၀ ရှိပေးနိုင်တယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။

ဒီညမှာတော့ ဂျရတ် ဟာ ကစားသမား ဘဝကနေ အနားယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ် ပြိုင်ဘက် တစ်ယောက် အဖြစ်နဲ့ အန်ဖီးလ် ကွင်းကြီးဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

သူဟာ ဗီလာ နည်းပြရာထူး ကို လက်ခံ ရယူူပြီး နောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ 4 ပွဲ မှာ မန်စီးတီး ကို ရှုံးနိမ့်ခဲ့တာ က လွဲရင် ကျန် 3 ပွဲ စလုံးကို အနိုင်ရရှိထား ပါတယ်။

“ အရမ်းကို အံ့အားသင့်စရာ ကောင်းတဲ့ ပုံပြင် တစ်ပုဒ်လိုပါပဲ။ သူဟာ ဘယ်လိုတွေ ခံစားနေရမလဲ ဆိုတာ တွေးကြည့်ပေးလို့ ရပါတယ်။

အခုချိန်မှာတော့ စတီဗီ ဟာ အတွေ့အကြုံရှိတဲ့ နည်းပြ တစ်ယောက် ဖြစ်နေပြီ ဖြစ်သလို ၊ ပွဲတွေ ကို ဘယ်လို ချဉ်းကပ်ရမလဲ ဆိုတာ သေချာ သဘောပေါက်ထားပါပြီ။ သို့သော်လဲ ကွင်းထဲကို ဝင်လာတဲ့ အချိန်မျိုးမှာ ဘယ်လို ပုံစံတွေ ခံစားရမယ် ဆိုတာတော့ သူလဲ ကြိုပြီး ခန့်မှန်းတတ်မှာ မဟုတ်ပါဘူး။

ကျနော်တုန်းကလဲ အဲဒီလိုမျိုးပဲဗျ။ မိန့်ဇ် ကွင်းထဲကို ပထမဆုံး ပြန်သွားရတဲ့ အချိန်ရယ် ၊ လီဗာပူး နဲ့ အတူ ဒေါ့မွန် ကို ပထမဆုံး ပြန်ရောက်သွားတဲ့ အခိုက်အတန့်မျိုးတွေမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက် အရမ်းကို ထူးဆန်းပါတယ်။

အခြားပြိုင်ဘက် ကွင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိုယ့်ကို အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေ ရဲ့ ရှေ့မှောက်ကို ရောက်လာတာ ဆိုတော့ ပိုကောင်းတယ် ပြောရမှာပါ။ ကျနော့် တုန်းကတော့ တည်တည်ငြိမ်ငြိမ် နဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ စတီဗီ လဲ အဲဒီ အတိုင်း ဖြစ်မှာပါ။ လီဗာပူး ရဲ့ 99.9% ဝန်ထမ်းတွေက သူ့ အသိ မိတ်ဆွေချည်းပဲလေ။ 0.1% သာ သူ အသင်းနဲ့ လမ်းခွဲပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။ ကျနော် ဒီကလပ်ကို ရောက်လာခဲ့တဲ့ အချိန်က စလို့ သူ့ရဲ့ မကောင်းကြောင်း ပြောတာမျိုး တခါမှ မကြားဖူးပါဘူး။

သူဟာ လူတော်တစ်ယောက် ဖြစ်သလို ၊ ပွဲကိုလဲ နိုင်လိုစိတ် အပြည့်နဲ့ ယှဉ်ပြိုင်ဖို့ ရောက်လာမှာပါ။ ပွဲစလို့ နှုတ်ဆက်ကြတဲ့ အချိန် နဲ့ ပွဲသိမ်း လက်ဆွဲ နှုတ်ဆက်ကြတဲ့ ကြားကာလ အချိန်အတွင်းမှာ အပြင်းအထန် တိုက်ပွဲဝင်ကြပါလိမ့်မယ်။ ဒေါ့မွန် က မိန့်ဇ် အသင်းဘက်ကို ဂိုးသွင်းလိုက်တော့ ၊ ကျနော့် ရဲ့ မိန့်ဇ် နဲ့ ပတ်သက်ခဲ့ဖူးသမျှ အကြောင်းအရာတွေ အားလုံးကို တဒင်္ဂမေ့သွားပြီး အကြီးအကျယ် အောင်ပွဲ ခံခဲ့ဖူးပါတယ်။ အဲဒီတော့ သူ့မှာလဲ အဲဒီ အခွင့်အရေးမျိုး ပေးထားပါတယ်။ ကျနော့် ဘက်ကတော့ အနိုင်ဂိုး သွင်းလို့ အောင်ပွဲခံတာမျိုး မဖြစ်ဖို့တော့ မျှော်လင့်ထားတာပေါ့” လို့ ပြောဆို သွားခဲ့ပါတယ်။

လီဗာပူး ပရိသတ်တွေ အကြားမှာတော့ ဂျရတ် ဟာ တနေ့နေ့ တချိန်ချိန် မှာ သူတို့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မှု အပြည့်နဲ့ ပြောဆိုနေကြပါတယ်။ ကလော့ပ် ကိုယ်တိုင်လဲ အဲဒီ ပြောဆိုမှုတွေ ကို လက်ခံခဲ့ပြီး ၊ ဘယ်အချိန်မှာ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမယ်လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လက်ရှိ အချိန်ထိတော့ ကလော့ပ် ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် 2024 ခုနှစ် ရောက်ရင် ၊ အဲဒီ ရာထူးနဲ့ ပတ်သက်လို့ ဘယ်သူက ဆက်ခံသွားမလဲ ဆိုတာ မသိရသေးသော်လဲ ၊ လက်ထောက် နည်းပြ ပက် လင်ဒါ ကလဲ ရေပန်းစားတဲ့ လူတစ်ယောက် အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

SPORTS MYANMAR