ဗီလာနဲ့ ပွဲရဲ့ ပထမပိုင်း အပြီး လူကာကူ ကို သူ ဘာပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ Boxing Day ပွဲမှာ အဓိက တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ ပြန်လာမှုနဲ့ အတူ အဝေးကွင်းမှာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ၁ – ၃ comeback နိုင်ပွဲ ရခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် တပွဲပိုကစားထားပေမယ့် ၊ အဆင့် ၂ နေရာက လီဗာပူးနဲ့ ချဲလ်ဆီးတို့ ရမှတ် ပြန်တူသွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီပွဲရဲ့ အဖွင့်ဂိုး ကို အိမ်ရှင် ဗီလာ ဟာ ရိစ်ဂျိမ်းစ်ရဲ့ OG မှတဆင့် ရရှိခဲ့ပြီး ၊ မိနစ်ပိုင်း အကြာမှာ ချဲလ်ဆီးတို့ ပင်နယ်တီ က တဆင့် ချေပဂိုး ပြန်ရခဲ့ပါတယ် ။ ဒီပွဲရဲ့ အဖြေကို အဓိက အပြောင်းအလဲ လုပ်ပေးသွားခဲ့သူ ကတော့ ကိုဗစ်က ပြန်လာတဲ့ လူစားဝင် တိုက်စစ်မှူး ရိုမီလူ လူကာကူပဲ ဖြစ်ပါတယ် ။

ဒဏ်ရာ ၊ ကိုဗစ်ကြောင့် နောက်ဆုံး ၂လ အတွင်း လူကာကူ ဟာ နောက်ဆုံး ၂လ အတွင်း ချဲလ်ဆီး အတွက် တပွဲသာ ပွဲထွက်နိုင်ခဲ့ပြီး ၊ ကျန်တဲ့ ပွဲတွေမှာ လူစားဝင်ခွင့်တွေသာ ရခဲ့ပါတယ် ။ မနေ့ည က ပွဲမှာလည်း ၎င်းဟာ လူစားဝင် အနေနဲ့ ကစားခဲ့ပေမယ့် ၊ ပွဲအဖြေကို တိုက်ရိုက် အပြောင်းအလဲ လုပ်ပေးနိုင်ခဲ့ပါတယ် ။

လူစားဝင်လာအပြီး ၁၀မိနစ် အကြာမှာ ဟတ်ဒ်ဆန် အိုဒွိုင်းရဲ့ ဖြတ်တင်ဘောကို ပင်နယ်တီ ဧရိယာ အတွင်း အသင့်ရှိနေခဲ့တဲ့ လူကာကူ က ထောင့်ဖြတ် ခေါင်းတိုက် အဆုံးသတ်ခဲ့ပါတယ် ။ ပွဲပြီးခါနီး ပင်နယ်တီ မဖြစ်ခင် အထိ ၊ လူကာကူ ဟာ ချဲလ်ဆီး အတွက် နောက်ထပ် ဂိုးရစေမယ့် အခွင့်အရေး အနည်းငယ်ကို ဘောလုံး လမ်းကြောင်း စတင်ပေးနိုင်ခဲ့ပါတယ် ။

နာကျင်အချိန်ပိုမှာတော့ တန်ပြန်တိုက်စစ်က တဆင့် အားနဲ့ မာန်နဲ့ ထိုးဖောက်လာတဲ့ လူကာကူ ကို ဗီလာ ခံစစ်မှူး အက်ဇရီ ကွန်ဆာ ပင်နယ်တီ ဧရိယာ အတွင်း အလွတ် ဆွဲလှဲခဲ့တာကြောင့် ချဲလ်ဆီးတို့ အနိုင် ပြတ်သားစေမယ့် ပင်နယ်တီ ကန်ခွင့် ရခဲ့ကာ ၊ ဒါကို အရှေ့ ပင်နယ်တီ ကို အဆုံးသတ်ခဲ့တဲ့ ဂျော်ဂျင်ဟို ကပဲ အမှားအယွင်း မရှိ သွင်းယူသွားခဲ့ပါတယ် ။

ကြံ့ခိုင်မှု မပြည့်သေးပေမယ့် လူကာကူ ကို နည်းစနစ် လိုအပ်ချက် အရ လူစားလဲ အသုံးပြုခဲ့တဲ့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဒုတိယပိုင်း စစချင်း လူကာကူ ကို လူစားမဝင်စေမီ ၊ သူ ဘာပြောခဲ့သလဲ ဆိုတာ အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

 

တူချယ် က ” အရိုးသားဆုံး ပြောရရင် ၊ ကျွန်တော် သူ့ကို ဒုတိယပိုင်း တပိုင်းလုံး ကစားပေးနိုင်ရဲ့လားလို့ပဲ မေးခဲ့တာပါ ။ သူက ခေါင်းငြိမ့်တော့ ကျွန်တော်တို့ သူ့ကို နံပါတ် ၉ အဖြစ် လူစားလဲ အသုံးပြုဖို့ ကြိုးစားခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း က ကစားကွက် မှာ ဘာနည်းစနစ် အပြောင်းအလဲ တခုမှ မလုပ်ခဲ့ပါဘူး ။ ”

” သူဟာ ဒီနေ့လို ပွဲမျိုး ကစားဖို့ ကျွန်တော့ကို မလိုအပ်ပါဘူး ။ ကျွန်တော့ဆီကလည်း သူ ဘာသြဝါဒ စကား တခွန်းမှ မလိုပါဘူး ။ သူဟာ ကစားသမား ဘဝ တလျှောက် မလုပ်ဖူးတာ မရှိပါဘူး ။ သူ့အဖို့ အခုအချိန်မှာ ကြံ့ခိုင်မှု ပြည့်နေဖို့သာ လိုအပ်ပါတယ် ။ ကာလရှည် ဒဏ်ရာ ရတဲ့အခါ ၊ ခင်ဗျား အတွက် ဘယ်လိုမှ မလွယ်ပါဘူး ။ ”

” နောက်ပြီး Rom ဟာ ကိုဗစ်လည်း ခံခဲ့ရပါသေးတယ် ။ ဒီနေ့ပွဲ အတွက် ကစားသမား စာရင်း ကို ကြည့်တဲ့အခါ ၊ ခင်ဗျားတို့ကတော့ ‘ ဟုတ်ပြီ ၊ ကစားသမားတိုင်းလိုလို ပြန်ပါနေတာ ၊ ဒါက ထိပ်တန်း အစုအဖွဲ့ပဲ ‘ လို့ ထင်ကောင်းထင်ခဲ့ကြမှာပါ ။ မှန်ပါတယ် ။ ဒါပေမယ့် အသေးစိတ် ပြန်ကြည့်ရင် ၊ ကျွန်တော်တို့ဟာ ကြံ့ခိုင်မှု ပုံစံကောင်း ရဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ”

” ဒါ့အပြင် အသင်းသား အချို့ကို အရဲစွန့်ပြီး အသုံးပြုခဲ့ရတာပါ ။ ဒီနေ့ဆို ကော်လမ် ဟာ ကိုဗစ် က ပြန်လာအပြီး ၊ ချက်ချင်းကြီး မိနစ် ၉၀ အပြည့် ကစားခဲ့ရပါတယ် ။ အခု အခြေအနေ ဟာ ဒီအတိုင်းကို ဖြစ်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR