ဖီဖာ ရဲ့ ကမ္ဘာ့ဖလား အစီအစဉ်သစ် နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုလာတဲ့ ကမ္ဘာ့ချန်ပီယံ

ပြင်သစ် နဲ့ PSG တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ က သူ ဟာ ဖီဖာ ရဲ့ ကမ္ဘာ့ဖလား ကို ၂ နှစ် တကြိမ် ကျင်းပမယ့် အစီအစဉ်သစ် ကို ကန့်ကွက်ခြင်း မပြုသလို ထောက်ခံခြင်းလည်း မပြုခဲ့ ပေမယ့် ဒါဟာ ပြိုင်ပွဲ ရဲ့ တန်ဖိုး ကို ကျဆင်း နိုင်သလို ကစားသမား တွေကိုလည်း အလွန် အမင်း ပင်ပန်း စေလိမ့်မယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဖီဖာ ဟာ ၂၀၂၆ နောက်ပိုင်းက စပြီး ကမ္ဘာ့ဖလား ကို ၂ နှစ် တကြိမ် ကျင်းပဖို့ အဆိုတင်သွင်း ထားပြီး ဒီ အစီအစဉ် နဲ့ ပတ်သက်ကာ ဝေဖန်သံတွေ ဆူညံ နေခဲ့ ပါတယ် ။

ဖီဖာ ကတော့ ဒီလို ၂ နှစ် တကြိမ် ကျင်းပတာဟာ ၄ နှစ် တကြိမ် ကျင်းပတာထက် ဝင်ငွေ ၂ ဆ နီးပါး ပိုမို ရရှိ နိုင်တာကြောင့် ကမ္ဘာတဝှမ်း က ဘောလုံး အဖွဲ့ချုပ်တွေ ( အချိုးကျ ခွဲဝေပေးမှာ ဖြစ်တာကြောင့် ) အတွက် ကြီးမားတဲ့ ထောက်ပံ့မှု ဖြစ်စေ နိုင်တယ်လို့ ပြောဆို ထားပါတယ် ။

 

ဒါပေမယ့် ကလပ် နဲ့ နိုင်ငံ အသင်း နည်းပြတွေ ၊ အစီအစဉ် တင်ဆက် သုံးသပ်သူတွေ ဟာ ဖီဖာ ရဲ့ ၂ နှစ် တကြိမ် ကမ္ဘာ့ဖလား အစီအစဉ် ကို ကန့်ကွက် နေကြပြီး ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ကတော့ သူတို့ရဲ့ ယူရို ပြိုင်ပွဲတွေ ၊ နေးရှင်းလိဂ် ပြိုင်ပွဲတွေ နဲ့ ကမောက်ကမ ဖြစ်နိုင်တာကြောင့် အပြင်းအထန် ကန့်ကွက် ပြောဆို နေခဲ့ ပါတယ် ။

ဥရောပ နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်တွေ ဟာ ဖီဖာ က အတင်းအကြပ် စီစဉ် လာပါက ခွဲထွက်ကာ ဥရောပ + တောင်အမေရိက သီးသန့် နေးရှင်းလိဂ် ပြိုင်ပွဲ ပြုလုပ်ဖို့ အထိ ရည်ရွယ်ထားတယ်လို့ သုံးသပ်မှုတွေ ရှိလာခဲ့ ပါတယ် ။

ပြင်သစ် အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ကို ဆွတ်ခူး ရရှိ ခဲ့ဖူးတဲ့ ဘာပေ ကတော့ မနေ့က ဒူဘိုင်းမှာ ပြုလုပ်တဲ့ ၂၀၂၁ Global Soccer Award ဆုပေးပွဲ မှာ ၂ နှစ် တကြိမ် ကမ္ဘာ့ဖလား နဲ့ ပတ်သက်တဲ့ သူ့ရဲ့ အမြင်ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာပေ ဟာ အဆိုပါ ဆုပေးပွဲမှာ တနှစ်တာ အကောင်းဆုံး ဘောလုံး သမား ဆုကို မက်ဆီ ၊ ရိုနယ်ဒို ၊ လီဝန်ဒေါ့စကီး တို့ကို ကျော်ပြီး ရရှိ ခဲ့ပါတယ် ။

“ကမ္ဘာ့ဖလား ကို ၂ နှစ်တခါလား ၊ ဒါက မှန်လား မှားလား ဆိုတာတော့ ကျွန်တော် မသိပါဘူး ။

အခုက ၄ နှစ်တိုင်းမှာ တကယ် ထူးကဲတဲ့ အရာကို ကျွန်တော်တို့ ယှဉ်ပြိုင် ရပါတယ် ။

တကယ်လို့ ၂ နှစ်တိုင်း ၁ ခါ ဆိုရင်တော့ သူ့ရဲ့ ( ပြိုင်ပွဲရဲ့ ) ထူးကဲမှု က ကျဆင်းသွားမှာပါ ။ သာမန် ပြိုင်ပွဲ တခုနဲ့ မခြား ဖြစ်သွား နိုင်ပါတယ်”

“လက်ရှိမှာဆိုရင်ပဲ ကျွန်တော်တို့ တနှစ်ကို ပွဲ ၆၀ လောက် ကစားနေရ ပါပြီ ။ ဒါကို ပျော်ပျော်ကြီး ကစား နိုင်ပါတယ် ။

ဒါပေမယ့် ပွဲတွေ ပိုများလာပြီ ဆိုရင်တော့ ကျွန်တော်တို့ အကောင်းဆုံး စွမ်းရည်တွေ ကို အမြဲ ရနိုင်ဖို့ ဆိုရင် ပွဲတိုင်း ကစားဖို့ ဆိုတာ မလွယ်ကူ နိုင်တော့ပါဘူး” လို့ ဘာပေ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR