ဖာဂူဆန် လက်အောက်မှာ ခရစ္စမတ်ကို ဘယ်လို ပျော်ခဲ့ရသလဲ ၊ အလုပ်ရှုပ်ရတဲ့ ခရစ္စမတ်ကာလက ဘာကြောင့် ပျော်စရာဖြစ်ခဲ့ရလဲဆိုတာ ပြောပြလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က အသင်းမှာ ပြုလုပ်ခဲ့တဲ့ အသေးစား ရှိုးပွဲအကြောင်း ဖွင့်ပြောရင်း ဆာ အဲလက်စ် ဖာဂူဆန် လက်အောက် ခရစ္စမတ်ကာလကို ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတာ ပြောပြခဲ့လိုက်ပါတယ် ။

ပွဲတော်ရက်ဆိုတာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ အရမ်းကို အလုပ်များလှတဲ့ ရက်စွဲတွေပဲ ဖြစ်ပါတယ် ။ ဒီရက်တွေမှာ ပွဲစဉ်တွေကို ဆက်တိုက် ကစားရတဲ့အတွက် ပွဲကြပ်ကာလကို အသင်းတိုင်း ကြုံတွေ့ခံစား ကြရလို့ပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က သူတို့တွေဟာ ပွဲရက်တွေမှာ လေ့ကျင့်ရေးတွေကို အမြဲလို ပြုလုပ်ခဲ့ရကြောင်း ၊ အဲ့ဒီလို နေ့တွေမှာ နည်းပြကြီး ဆာ အဲလက်စ် ဟာ အသင်းသားတွေကို နေ့လည်စာ တည်ခင်းဧည့်ခံ ကျွေးမွေးလေ့ ရှိခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် အဆိုပါ နေ့ထူးနေ့မြတ်မျိုးမှာ စီနီယာ အသင်းရဲ့ ကစားသမားတွေ အပြင် အရံ အသင်းရဲ့ ကစားသမားတွေပါ တစုတစည်းထဲ ရှိခဲ့ကြကြောင်း ၊ ဒီရက်မျိုးမှာ သူတို့တွေဟာ တစ်ဦးနဲ့ တစ်ဦးရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး စနောက်လေ့ ရှိခဲ့ကြကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

” ယူနိုက်တက်မှာတော့ ကျွန်တော်တို့ဟာ အမြဲလိုပဲ လေ့ကျင့်ရေးတွေ လုပ်ခဲ့ကြပြီး နေ့လည်စာ အတူ စားသုံးဖြစ်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ အားလုံး စားပွဲမှာ ဝိုင်းထိုင်ကြပြီး ဆာ အဲလက်စ် နဲ့ ဝန်ထမ်းတွေဟာ နေ့လည်စာကို တည်ခင်းဧည့်ခံ ကျွေးမွေးလေ့ ရှိခဲ့ကြပါတယ် ”

” ပြီးတော့ ကျွန်တော်တို့ဆီ အရံအသင်းက ကစားသမားတွေလည်း လာရောက် ပူးပေါင်းလေ့ ရှိခဲ့ကြပြီး ရှိုးပွဲ လုပ်တာတွေ ၊ စီနီယာ အသင်းမှ ကစားသမားတွေရဲ့ ဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး လှောင်ရယ်တာတွေ ၊ စကားပြောပုံ ၊ လမ်းလျှောက်ပုံက အစ ရယ်စရာ ဖြစ်နေအောင် လုပ်ပြတာတွေ ရှိခဲ့ပါတယ် ”

” ဒီလိုနေ့မျိုးမှာ ဘယ်သူမှ အလှောင်ခံရတဲ့ ဒဏ်ကနေ မလွတ်ကင်းခဲ့ရပါဘူး ။ ခရစ္စမတ်လို နေ့မျိုးအတွင်း အသင်းမှာ အခုလို ပျော်စရာတွေ ရှိခဲ့ရတာက တကယ့်ကို ခမ်းနားခဲ့ရပါတယ် ။ အဲ့တာတွေ အပြင် ကျွန်တော်တို့တွေမှာ ခရစ္စမတ် ပါတီတွေလည်း ရှိခဲ့ရပါတယ် ”

” ကျွန်တော်တို့ အရက်ဆိုင်တွေလည်း သွားခဲ့ကြပါတယ် ။ ဒါပေမဲ့ အဲ့တာက ကျွန်တော့် အတွက်တော့ ပျင်းစရာ ဖြစ်ခဲ့ရပါတယ် ။ တစ်နှစ်တုန်းက ဘော့စ်ဟာ ကျွန်တော်တို့တွေကို ညဖက် အပြင်ထွက်ခွင့် ပိတ်ပင်ခဲ့ပါသေးတယ် ။ ကျွန်တော့် စိတ်ထဲ ငါတို့တော့ ပွဲစဉ် တစ်ပွဲ ရှုံးနိမ့်ရတော့မယ် လို့တောင် ခံစားခဲ့ရပါတယ် ”

” အခုလို ရက်စွဲတွေမှာ ရက်ပိုင်းအတွင်း ကစားရတဲ့ ပွဲစဉ်တွေ အများကြီး ရှိခဲ့ရပါတယ် ။ ဒါက ခက်ခဲလှပါတယ် ။ ဒါပေမဲ့ တစ်နှစ်လုံး အလုပ်တွေ ရှုပ်ပြီး ပင်ပန်းခဲ့ကြတဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးရမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ ကျွန်တော်တို့ဆီမှာ အမြဲလို ရှိခဲ့ပါတယ် ။ လူတွေက ဒီလိုရက်မျိုးမှာ မိသားစုနဲ့ အတူနေရင်း ဘောလုံးပွဲတွေ ကြည့်ချင်ကြတယ်လေ ”

” ကစားသမား တစ်ဦး အနေနဲ့တော့ ကျွန်တော်တို့တွေက ခရစ္စမတ် ၊ နှစ်သစ်ကူးတွေမှာ ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရပါတယ် ။ ကျွန်တော်ကတော့ ဒါတွေ လုပ်ရတာ နှစ်သက်ခဲ့ပါတယ် ။ အင်္ဂလန်မှာက ဒါဟာ ပရိသတ်တွေကို ‘ ငါ ဘာတွေ လုပ်ပြနိုင်လဲ ‘ ဆိုတာ ပြသနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးလို့ သတ်မှတ်ကြတယ်လေ ”

” ခင်ဗျားတို့ ပွဲစဉ်တစ်ပွဲကို ရှုံးနိုင်ပါတယ် ၊ အခွင့်အရေးတွေကို လွဲချော်နိုင်တယ် ၊ ဒါပေမဲ့ ဒီလို ပွဲစဉ်တွေကတော့ ကျွန်တော်တို့ အတွက် စပါယ်ရှယ် ဖြစ်နေဆဲပါပဲ ။ ကျွန်တော်တို့ ချစ်တဲ့အရာကို လုပ်ပြရတာ တကယ်ပဲ ပျော်ရွှင်ခံစားခဲ့ရပါတယ် ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar