ဖလားအကြောင်းတွေးဖို့ ဝေးပါသေးတယ်လို့ ပြောလာတဲ့ စပါး နည်းပြ ကွန်တီ

တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြကြီး အန်တိုနီယို ကွန်တီ ကတော့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ကို ရောက်ရှိ လာပေမယ့် ဖလားကိုင်မြှောက်ဖို့ အကြောင်းကို တွေးကြည့်ဖို့ စောလွန်း နေပါသေးတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

စပါး ဟာ မနေ့ညက ဝက်စ်ဟမ်း အသင်းကို ၂-၁ နဲ့ အနိုင် ကစားပြီး ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် အဆင့်ကို ရောက်ရှိ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။

ဆီမီး ဖိုင်နယ် အဆင့်မှာတော့ ကွန်တီ ဟာ အသင်းဟောင်း ချဲလ်ဆီး နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး တဘက် မှာတော့ အာဆင်နယ် နဲ့ လီဗာပူး တို့ ဆုံတွေ့ ခဲ့ကြပါတယ် ။

စပါး ဟာ ကွန်တီ ရဲ့ လက်အောက်မှာ တဖြည်းဖြည်း တည်ငြိမ် လာပြီး ကစားပုံလည်း တိုးတက်လာခဲ့ ပါတယ် ။

ဒါပေမယ့် ဆုဖလားတွေ အတွက် စိတ်ကူးကြည့်ဖို့ ကတော့ ဝေးလွန်း နေပါသေးတယ်လို့ ကွန်တီ က ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

“ပြိုင်ပွဲ တခု ရဲ့ ဆီမီး ဖိုင်နယ် အဆင့်ကို ရောက်နိုင်တယ် ဆိုတာ တကယ်ကောင်းပါတယ် ။

ဒါပေမယ့် ဖလား အတွက် ပြောဖို့ ကတော့ စောလွန်း ပါသေးတယ် ။ ဆီမီး ကို ရောက်လာတဲ့ အသင်းတွေရဲ့ အမည်တွေကို ကြည့်လိုက်ပါ ။ လီဗာပူး ၊ ချဲလ်ဆီး ၊ အာဆင်နယ် တို့ပါပဲ ။

ချဲလ်ဆီး မှာ ကျွန်တော် ရှိနေတုန်းက ကာရာဘောင် ဟာ ဒုတိယ ဦးစားပေး ဖလား မဟုတ်ခဲ့ပါဘူး ၊ အားလုံးကို တန်းတူ ထားခဲ့တာပါ ။ အခုလည်း ဒီအသင်းတွေက ဒီဖလား ကို ယူဖို့ သေချာပေါက် အားထုတ်ကြမှာပါ”

“အခုဆိုရင် အင်္ဂလန် မှာ ဖလား တလုံးရဖို့က ပိုပြီး ခက်ခဲ လာပါပြီ ။ မန်ချက်စတာ ၂ သင်းကို ဝက်စ်ဟမ်း က ဖြုတ်ချ ခဲ့တယ် ။ အခု သူတို့ကို ကျွန်တော် က ဖြုတ်ချ လိုက်ပါပြီ ။

ဒီမှာတော့ ဒီလိုပါပဲ ။ အရာရာက အမြဲ ခက်ခဲ နေတာပါ ။ ဒါကြောင့် ဖလား နဲ့ အောင်ပွဲ ခံဖို့ အကြောင်းတွေ မတွေးထားတာပဲ ကောင်းပါတယ်” လို့ ကွန်တီ က ပြောဆို ခဲ့ ပါတယ် ။

ဆက်လက်ပြီး နည်းပြကြီးက သူ့ရဲ့ အသင်းသားတွေဟာ ကိုဗစ် ကူးစက်မှုကနေ ပြန်လည် ကောင်းမွန် လာပေမယ့် ပိုးကူးစက်ခံရမှု ရဲ့ နောက်ဆက်တွဲတွေ ကိုတော့ ခံစား နေရဆဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ ပါတယ် ။

စပါး ဟာ ကိုဗစ် ကူးစက်ခံရမှု များပြား ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ရွှေ့ဆိုင်း ခဲ့ရသလို ကွန်းဖရန့်လိဂ် အုပ်စု နောက်ဆုံးပွဲစဉ် ကိုတော့ ၃-၀ နဲ့ အရှုံးပေး ခဲ့ရ ပါတယ် ။

 

လက်ရှိ မှာလည်း သူ့ရဲ့ ကစားသမားတွေ ဟာ အပြည့်အ၀ ကြံ့ခိုင်မှု မရှိသေး သလို နောက်ဆက်တွဲ ကူးစက် နိုင်ချေတွေ ၊ အခြား အသင်းတွေမှာ ကိုဗစ်ပိုးတွေ့မှု ရှိလာ နိုင်ချေတွေ ကြောင့် ကာရာဘောင် ဆီမီး ဖိုင်နယ် ကို အရင်နှစ်တွေက ကစားတဲ့ ၂ ကျော့ အစား ၁ ကျော့ စနစ် နဲ့ ပြောင်းလဲ ကစားဖို့ ဆန္ဒ ရှိနေကြောင်းလည်း ကွန်တီ က ပြောဆို သွားခဲ့ ပါတယ် ။

 

ဘောလုံး အစီအစဉ် တင်ဆက် သုံးသပ်သူ ဂျေမီရက်နက် ကတော့ စပါး ရဲ့ တိုးတက် လာမှု အတွက် ကွန်တီ ရဲ့ ရောက်ရှိလာမှု ကို မီးမောင်းထိုး ပြောဆို ခဲ့ပြီး အီတလီ နည်းပြ ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

“ကွန်တီ ရောက်လာပြီး ကတည်းက စပါး ကစားသမားတွေက သူတို့ ကစားတဲ့ နေရာမှာ အရင်ကထက် ပိုပြီး တိုးတက် လာခဲ့ ပါတယ် ။

ဘန်ဒေဗီးစ် တို့ ဆိုရင် ကွန်တီ ရောက်မလာခင် ကနဲ့ အခု နဲ့ တော်တော်ကြီးကို သိသာ သွားတာပါ ။ ဒိုင်ယာ ဆိုရင်လည်း တူတူပါပဲ ။

အခု ဆိုရင် စပါး ပရိသတ်တွေ က သူတို့ မျှော်လင့် ထားတဲ့ အရာကို ကြည့်ဖို့ လက်မှတ် ဝယ်ရတာ တန်သွားပါပြီ” လို့ ချီးကျူး သွားခဲ့ ပါတယ် ။

 

 

SPORTS MYANMAR