ဖရက်ဒ်ကို မနှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မက်ဆေ့ပို့ အမှာစကားပါးလိုက်တဲ့ ကာရစ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ မိုက်ကယ် ကာရစ်က ကွင်းလယ်လူ ဖရက်ဒ်က underrated ကစားသမား တစ်ဦးသာ ဖြစ်နေခဲ့ကြောင်း ဖွင့်ဟရင်း သူ့ရဲ့ လက်ရှိ အကျိုးသက်ရောက်မှု အကြောင်းကို ချီးမွမ်းသွားခဲ့လိုက် ပါတယ် ။

ဖရက်ဒ်ဟာ ဒီနှစ် ဘောလုံး ရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 19 ပွဲမှာ 13 ကြိမ် အထိ ပွဲထွက် ကစားခွင့် ရရှိခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်နိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ပရိသတ်တွေကတော့ သူနဲ့ တော်မီနေးတို့ တွဲဖက် ကစားခဲ့ကြတာကို အားမရခဲ့တဲ့ အတွက် ဝေဖန်ခဲ့ကြပါသေးတယ် ။

အခြားတဖက်မှာတော့ ဘရာဇီး လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစားခွင့်တွေနဲ့ အတူ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဖရက်ဒ်ဟာ ဆိုးလ်ရှား ထွက်ခွာသွားခဲ့တဲ့နောက် နည်းပြသစ် ကာရစ်ရဲ့ လက်အောက်မှာ ခြားနားတဲ့ ပုံစံနဲ့ ကစားပေးခဲ့ရပါတယ် ။

ယခင်တုန်းကတော့ ဖရက်ဒ် ကိုယ်တိုင်က အင်္ဂလန်မြေမှာ အထိုင်ကျ နိုင်ဖို့ အတွက် လက်ထောက် နည်းပြ ဖြစ်သလို ယခင်က ယူနိုက်တက် ကွင်းလယ်လူပါ ဖြစ်ခဲ့ဖူးတဲ့ မိုက်ကယ် ကာရစ်ဟာ အကူအညီတွေ ပေးဆောင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါသေးတယ် ။

အခုတော့ ကာရစ် ကိုယ်တိုင်က ဖရက်ဒ်ဟာ underrated ကစားသမား တစ်ဦး ဖြစ်နေခဲ့ကြောင်း ၊ သူဟာ ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ကစားသမား ဖြစ်နိုင်ခဲ့ပြီ ဆိုတာကိုက သူ ဘယ်လောက်ထိ တိုးတက်လာပြီလဲဆိုတာကို သိသာစေကြောင်း ချီးမွမ်းခဲ့လိုက်ပါတယ် ။

” ဖရက်ဒ်ဟာ အမြဲတမ်း အလေးပေး ဂရုစိုက်ခြင်းကို မရရှိခဲ့တဲ့သူ တစ်ဦးပါ ။ သူဟာ အသင်းဆီ ရောက်လာခဲ့တဲ့ အချိန်ကစပြီး အခုဆို ဘရာဇီး လက်ရွေးစင် အသင်းရဲ့ ပွဲထွက် ကစားသမားတောင် ဖြစ်လာနိုင်ခဲ့ပါပြီ ။ ဒါဟာ သူ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲဆိုတာ သိသာထင်ရှားစေပါတယ် ”

” သူ တကယ်ပဲ တိုးတက်လာခဲ့ပါပြီ ။ ကျွန်တော်ကတော့ သူ့ကို တကယ်ပဲ နှစ်သက်လှပါတယ် ။ လူတွေ သတိကိုမထားမိတာက အသင်းရဲ့ ကစားသမား တစ်ဦး အနေနဲ့ သူဟာ ဘယ်လောက်ထိ စိတ်ဓါတ် ပြင်းထန်လဲ ၊ ရည်မှန်းချက် ကြီးမားသလဲ ဆိုတာပါပဲ ။ သူဟာ ပွဲစဉ်တွေ ကစားဖို့ အရမ်းကို တက်ကြွနေသူ တစ်ဦးပါပဲ ”

” သူဟာ ဗီလာ ရီးယဲ နဲ့ ပွဲစဉ်တုန်းက ပထမပိုင်းအတွင်း ခြေချင်းဝတ် နာသွားတာ ခင်ဗျားတို့ မြင်ခဲ့မှာပါ ။ ဒီလို ဖြစ်တဲ့ ကစားသမား အများစုက ထပ်ကစားပေးလေ့ မရှိတတ်ကြပါဘူး ။ ခြေထောက်မှာ နာကျင်မှုတွေကို အနည်းနဲ့ အများ ခံစားနေရပြီလေ ။ အဲ့လို ပုံစံနဲ့ ဆက်ကစားပေးဖိူ့ တကယ်လည်း မလွယ်ကူပါဘူး ”

” ဒါပေမဲ့ သူကတော့ လုံးဝမှုမနေပဲ ဆက်ကစားပေးဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ် ။ သူဟာ နောက်တစ်ပွဲ (ချဲလ်ဆီး) ကိုလည်း လွဲချော်ချင်စိတ် မရှိခဲ့ပါဘူး ။ သူ့ရဲ့ စိတ်ဓါတ်ခံယူချက် မာကျောနေမှုက တကယ့်ကိုအံ့ဖွယ်ပါပဲ။ ကျွန်တော်တော့ အဲ့တာကို အရမ်းပဲ နှစ်သက်မိပါတယ် ”

” သူဟာ အံ့ဖွယ် အများကြီး တိုးတက်လာခဲ့သူ တစ်ဦးပါ ။ ဖရက်ဒ်က အသင်းထဲ energy တွေကို သယ်ဆောင်ပေးသူ တစ်ဦး ပါပဲ ။ သူဟာ နောက်ဆုံး ကစားခဲ့ရတဲ့ ပွဲစဉ် အချို့မှာ တိုက်စစ်ပိုင်းကို ပိုပြီး အသားပေး ကစားခဲ့ရပါတယ် ။ ထို့အတူ သူဟာ ကစားပုံ ပိုကောင်းလာခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ် ”

” ဗီလာ ရီးယဲ နဲ့ ပွဲမှာ ခရစ္စတီယာနို ရခဲ့တဲ့ ဂိုးမှာ သူ့ရဲ့ ကြိုးစား အားထုတ်မှုတွေ ပါဝင်နေခဲ့ပါတယ် ။ ပြီးတော့ ချဲလ်ဆီး နဲ့ ပွဲမှာလည်း သူက မန်ဒီကို ခြိမ်းခြောက်ဖို့ အခွင့်အရေး တစ်ကြိမ် ရယူနိုင်ခဲ့ပါသေးတယ် ။ ဖရက်ဒ် က အသင်းအတွက် အများကြီးလုပ်ပေးနေသူပါ ။ ကျွန်တော်တော့ နှစ်သက်ပါတယ် ” လို့ ကာရစ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar