ပွဲရွှေ့လိုက်ရတဲ့ ယူနိုက်တက် ၊ ဒေါသထွက်တဲ့ ရီးရဲ ၊ ကိုဗစ်ထပ်ကိုက်ပြန်တဲ့ နောက်တသင်း တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်း အတွင်းမှာ ကစားသမား နဲ့ ဝန်ထမ်းတွေ ကိုဗစ်ပိုး ကူးစက် ခံရမှုကြောင့် ဒီညမှာ ကစားမယ့် ဘရန့်ဖိုဒ့် နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ရွှေ့ဆိုင်း လိုက်ပြီ ဖြစ်ပါတယ် ။

ယူနိုက်တက် ဟာ မနေ့က ကာရင်တန် လေ့ကျင့်ရေးကွင်း တခုလုံးကို ပိတ်ထား လိုက်ပြီး ဝန်ထမ်း နဲ့ ကစားသမားတွေကို သီးသန့် ခွဲခြား ထားရှိ နေတယ်လို့ သိရှိ ရ ပါတယ် ။

ဗြိတိန် အတွင်း ကိုဗစ် ကူးစက်မှုတွေ ပြန်လည် များပြား လာပြီး စပါး ၊ လက်စတာ ၊ ဗီလာ ၊ မန်ယူနိုက်တက် တို့ အပြီးမှာတော့ ဘရိုက်တန် အသင်းဟာ ကိုဗစ် ကူးစက်မှု ကို ကြုံတွေ နေရကြောင်း ၊ အသင်းအတွင်းမှာ ပိုးတွေ့ရှိသူ ၃-၄ ယောက် ရှိနေပြီ ဖြစ်ကြောင်း ဘရိုက်တန် နည်းပြ ပေါ်တာ က အတည်ပြု ပြောဆို သွားခဲ့ ပါတယ် ။

 

ဥရောပ ပွဲစဉ်တွေ ရဲ့ ရှုံးထွက် အဆင့် မဲခွဲမှုတွေ ကို ယမန်နေ့က ပြုလုပ် သွားခဲ့ပြီး ချန်ပီယံလိဂ် မှာတော့ ကမောက်ကမ ဖြစ်မှုတွေ နဲ့ ဝေဖန်မှုတွေ ဖြစ်ခဲ့ရ ပါတယ် ။

ရီးရဲ မက်ဒရစ် ဥက္ကဌ ပီရက်ဇ် ကတော့ မဲပြန်နှိုက်မှု ကို ဝေဖန် ပြောဆို ခဲ့ပြီး သူတို့ အတွက် မျှတမှု မရှိဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

ယူရိုပါလိဂ် ၃၂ သင်းဆင့် မှာတော့ ဘာစီလိုနာ ဟာ ဆုံတွေ့ နိုင်တဲ့ အသင်းတွေထဲကမှ အကြပ်ဆုံးလို့ ဆိုရမယ့် နာပိုလီ အသင်းနဲ့ ဆုံတွေ့ ခဲ့ပြီး ဒေါ့မွန် ကတော့ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

ဒီနှစ် ဖော်မြူလာဝမ်း ကမ္ဘာ့ ချန်ပီယံ ဆုကို လက်လွှတ် ခဲ့ရ ပေမယ့် ဗြိတိန် နာမည်ကျော် ပြိုင်ကားသမား လူးဝစ် ဟာမီလ်တန် ဟာ မနက်ဖြန် မှာ ပြုလုပ်မယ့် ပွဲမှာ ဗြိတိန် ဘုရင်မကြီး ရဲ့ သူရဲကောင်းဘွဲ့ ကို ချီးမြှင့် ခံရမှာ ဖြစ်ပြီး ဆာ လူးဝစ် ဟာမီလ်တန် ဖြစ်လာ တော့မယ်လို့ သိရ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ အကုန်မှာ စာချုပ်ပြည့်ပြီး အသင်းပြောင်းဖွယ် ရှိနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ နေရာ အတွက် ပြင်သစ် ကလပ် မာဆေး အသင်းရဲ့ ၂၂ နှစ် အရွယ် ကွင်းလယ် ကစားသမားလေး ဘိုဘာကာ ကာမာရာ ကို စောင့်ကြည့် နေတယ်လို့ သိရှိရ ပါတယ် ။

ပြင်သစ် နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီ ကတော့ အမ်ဘာပေ ကို စာချုပ်သစ် မချုပ်ဆို နိုင်သေးတဲ့ PSG ကို ဝေဖန်ပြောဆို သွားခဲ့ ပါတယ် ။

PSG ခံစစ်မှူးကြီး ဆာဂျီယို ရာမိုစ့် ကတော့ သူဟာ မကြာခင် မှာ အသင်းနဲ့ ပြန်လည် လေ့ကျင့်ပြီး ပွဲတွေ ပြန် ကစားပေး နိုင်တော့မယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး နဲ့ ခံစစ်မှူး ရူဒီဂါ တို့ အကြား စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုတွေ ဟာ လပေါင်း များစွာ ကြာသည့် တိုင်အောင် အဆင်မပြေ ဖြစ်နေပြီး လာမယ့် ဇန်နဝါရီမှာ ရူဒီဂါ ဟာ ရီးရဲ မက်ဒရစ် အသင်းနဲ့ အကြို သဘောတူညီမှု ရယူ မယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ဘင်ဖီကာ အသင်းမှာ ကစားနေတဲ့ မန်စီးတီး နောက်ခံလူဟောင်း နီကိုလပ်စ် အော်တာမန်ဒီ ဟာ နေအိမ်မှာ ရှိနေချိန် အတွင်း ဖောက်ထွင်း လုယက် ခံခဲ့ရပြီး လည်ပင်းကို ခါးပတ် နဲ့ တုပ်နှောင်ခံရတဲ့ အထိ ဖြစ်ခဲ့ကာ နာရီ နဲ့ ငွေ အချို့ လုယက် ခံခဲ့ရတယ် လို့ သိရှိရ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး ဟာ ကွင်းလယ်လူ ဒယ်လီ အလီ ကို ဇန်နဝါရီ မှာ ရောင်းထုတ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပြီး နယူးကာဆယ် အပါအဝင် အသင်း ၄ သင်းက စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

ဝက်စ်ဟမ်း ယူနိုက်တက် ကတော့ အမေရိက ကလပ် နယူးယောက် စီးတီး ရဲ့ တိုက်စစ်မှူး ဗလန်တင် ကတ်စတယ်လန်နိုစ့် ကို စောင့်ကြည့် လေ့လာ နေတယ်လို့ သိရ ပါတယ် ။

ဒူဘိုင်း မှာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် 2021 Globe Soccer Awards အတွက် စကာတင် စာရင်းမှာတော့ ရိုနယ်ဒို ၊ မက်ဆီ ၊ လီဝန်ဒေါ့စကီး ၊ လူကာကူ ၊ ချီယေဆာ ၊ မိုဆာလာ ၊ အမ်ဘာပေ နဲ့ ဘန်ဇီးမား တို့ ပါဝင် ခဲ့ကြတယ် လို့ သိရ ပါတယ် ။

နှလုံးခုန်မှု မူမမှန်တဲ့ အခြေအနေကြောင့် ဘောလုံး ကစားသမား ဘဝကို စွန့်လွတ် ရတော့မယ့် ဘာစီလိုနာ တိုက်စစ်မှူးကြီး ဆာဂျီယို အဂွေရို ဟာ မနက်ဖြန် မှာ သူ့ရဲ့ ဆုံးဖြတ်ချက် ကို အတည်ပြု ကြေညာ သွားမယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR