ပွဲစဉ် ၁၅ အပြီး ပရီးမီးယားလိဂ် title race ကို ခန့်မှန်းလိုက်ကြတဲ့ မီကာရစ်ချက် နဲ့ ဂျေမီရက်နက်

ဂျေမီရက်နက် နဲ့ မီကာရစ်ချက် တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ဒီရာသီ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်မယ့် အသင်းနဲ့ ပက်သက်ပြီး ခန့်မှန်းသွားခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ ပွဲစဉ် ၁၅ မစတင်မီမှာ ရမှတ် ၃၃ မှတ်နဲ့ ဦးဆောင်နေခဲ့ပေမယ့်လည်း စနေနေ့ အစောပိုင်း ပွဲစဉ်မှာ ၀က်ဟမ်းကို ၃-၂ နဲ့ ရှုံးကာ တတိယနေရာထိ ဆင်းပေးခဲ့ရပါတယ်။

လီဗာပူးကတော့ ဝုဖ်ကို အဝေးကွင်းမှာ နောက်ကျ အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဇယားထိပ်မှာ ခဏ ဦးဆောင်ခွင့် ရခဲ့ပေမယ့်လည်း မန်စီးတီးဟာ စနေနေ့ည နောက်ကျပွဲမှာ ၀က်ဖို့ဒ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက လီဗာပူးကို တစ်မှတ်ဖြတ်ကာ ထိပ်ဆုံးနေရာကို ရောက်လာခဲ့ပါတယ်။ ပွဲစဉ် ၁၅ အပြီးမှာ ထိပ်ဆုံး ၃ သင်းကြား ရမှတ် ကွာဟမှုက ၂ မှတ်သာ ရှိထားပြီး ဒီရာသီဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး title race ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

လီဗာပူး နဲ့ စပါး ကစားသမားဟောင်း ရက်နက်ကတော့ လီဗာပူး နဲ့ မန်စီးတီး တို့ဟာ ထိပ်ဆုံး နေရာအတွက် ယှဉ်ပြိုင်ရာမှာ ချဲလ်ဆီး အပေါ် ကပ်ပြီး အသာရနေတယ်လို့ ယုံကြည် နေပါတယ်။

ရက်နက်က “လက်ရှိမှာ မန်ချက်စတာစီးတီးရဲ့ ကစားပုံဟာ တကယ့်ကို ကြည့်ရတာ နှစ်သက်ဖို့ ကောင်းပါတယ်။ မန်စီးတီးနဲ့ လီဗာပူး တို့ဟာ လက်ရှိ အနေအထား အရ ဒီ title race မှာ ချဲလ်ဆီးထက် အသာ ရနေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မီကာရစ်ချက် ကလည်း လီဗာပူး မန်စီးတီး နဲ့ ချဲလ်ဆီး တို့ဟာ ပရီးမီးယားလိဂ် ဖလား အတွက် အဓိက ယှဉ်ပြိုင် သွားရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့်လည်း ရစ်ချက်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာစီးတီး အနေနဲ့ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ထိပ်တန်း တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် title race မှာ လွတ်လွတ်ကျွတ်ကျွတ် ပြေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

ရစ်ချက်က “ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ထိပ်တန်း မန်နေဂျာ ၃ ဦးဟာ အမှတ်ပေးဖလား အတွက် ယှဉ်ပြိုင် နေကြပါတယ်။ ထိပ်ဆုံး နေရာ အတွက် ဒီလိုမျိုး ပြိုင်ဆိုင်မှု ပြင်းထန်နေတာကို ကျွန်တော်တို့ အားလုံး အရမ်းကို နှစ်သက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ဒါမျိုးတွေကို မမြင်ခဲ့ရပါဘူး။ ပြီးခဲ့တဲ့ နွေရာသီတုန်းက မန်စီးတီးတို့ တိုက်စစ်မှုး မ၀ယ်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း သူတို့ တိုက်စစ်မှုး တစ်ဦး လိုအပ်တယ်လို့ လူတွေ ပြောနေကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက သူတို့ဟာ တစ်ရာသီလုံး နီးပါး အဂွေးရိုးကို အသုံးမပြု နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးကာ ချန်ပီယံလိဂ် ဖိုင်နယ် တက်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင်ကတော့ စီးတီးတို့ ဇန်နဝါရီမှာ တိုက်စစ်မှုး တစ်ဦး ၀ယ်ယူလိုက်မယ် ဆိုရင် ဒီဖလားတွေ အတွက် အခွင့်အရေး ပိုမို ရှိသွားမယ်လို့ ယူဆပါတယ်။

မန်စီးတီး အနေနဲ့ ဂိုးရှေ့မှာ တိုက်စစ်မှုး တစ်ဦးရဲ့ တိကျသေချာတဲ့ အဆုံးသတ်စွမ်းရည်ကို လိုပါတယ်။ အထူးသဖြင့် ထိပ်တန်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးတွေမှာပါ။ ပြိုင်ဘက်ကို ပြန်မလာနိုင်အောင် လုပ်နိုင်ဖို့ လိုပါတယ်။ ဒါဟာ ပွဲကြီးတွေမှာ အဓိက ခြားနားချက် ဖြစ်သွားနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM