” ပြီးခဲ့တဲ့ လေး ၊ ငါးနှစ်အတွင်း အကောင်းဆုံး အာဆင်နယ် အသင်း နဲ့ ကျွန်တော်တို့ ရင်ဆိုင် ကစားရမှာပါ ။ ” ဂွာဒီယိုလာ

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်း ဟာ အဝေးကွင်းမှာ အနောက် လန်ဒန် ကလပ် ဘရန့်ဖိုဒ့် အသင်းကို တစ်ဂိုး ဂိုးမရှိ နဲ့ အနိုင် ရခဲ့ပြီးနောက် အမှတ်ပေး ဇယား ကို ၈ မှတ် ဖြတ် ဦးဆောင် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီကြားရက်မှာ မန်စီးတီး ရဲ့ ချန်ပီယံ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဥရောပ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ဘရိုက်တန် အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျ သွားခဲ့သလို လီဗာပူး အသင်းဟာလည်း လက်စတာ စီးတီး အသင်းကို ရှုံးနိမ့် ခဲ့ပါတယ် ။

မန်စီးတီး အသင်းကတော့ ဖိုဒန် ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ ဘရန့်ဖိုဒ့် အသင်းကို အနိုင် ရသွားခဲ့ပြီး ချန်ပီယံဆု အတွက် ပိုမို အလေးသာ သွားခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးနည်းပြ ဂွာဒီယိုလာ ကတော့ ချန်ပီယံဆု အတွက် ပြောဖို့ စောနေသေးကြောင်း ဆိုရင်း လာမယ့် အပတ်မှာ ကစားရမယ့် ပြိုင်ဘက် အာဆင်နယ် အသင်းကို ချီးကျူး သွားခဲ့ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ နှစ်သစ်မှာ အဖွင့်ပွဲစဉ် အဖြစ် လက်တစ်လော ရလဒ်ကောင်းတွေ ရနေတဲ့ အာဆင်နယ် အသင်း ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ် ။

ဘရန့်ဖိုဒ့် နဲ့ ပွဲအပြီး Amazon Prime နဲ့ အင်တာဗျူးမှာ မန်စီးတီး အသင်းဟာ ချန်ပီယံ ဆုရရှိဖို့ အလေးသာ နေပြီလား ဆိုတဲ့ မေးခွန်းကို နည်းပြ ဂွာဒီယိုလာ က ” ရမှတ် ၅၄ မှတ်ဖိုး ကစားဖို့ ကျန်နေပါသေးတယ် ။ ရမှတ် ၈ မှတ် ၉ မှတ် ကွာနေပြီဆိုပြီး ကျိန်းသေ မှန်းထားလို့ မရပါဘူး ၊ လီဗာပူး က တစ်ပွဲ ကစားဖို့ ကျန်နေပါသေးတယ် ။ ”

” ဒီဇင်ဘာမှာ ဘယ်အသင်းကိုမှ ချန်ပီယံ အဖြစ် သတ်မှတ်လို့ မရသေးပါဘူး ၊ ကျွန်တော်တို့ ရှုံးပွဲတွေ ကြုံရဦးမှာပါ ၊ အာဆင်နယ် ချဲလ်ဆီး ဆောက်သမ်တန် တို့လို အသင်းတွေနဲ့လည်း ပွဲကြပ်တွေ ကစားရဖို့ ရှိနေပါသေးတယ် ။ ”

” ကျွန်တော်တို့ လန်ဒန်မှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရပါဦးမယ် ၊ လက်ရှိ ထိပ်သီး အသင်းကြီးတွေထဲက တစ်သင်းလို့လည်း ဆိုနိုင်ပါတယ် ၊ ပြီးခဲ့တဲ့ လေး ငါးနှစ်အတွင်း အကောင်းဆုံးအာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ”

” ကျွန်တော့် အနေနဲ့ ကိုယ့်အသင်းကို congratulation လုပ်ရုံက လွဲလို့ ဒီထက် ပိုပြောစရာ စကား မရှိသေးပါဘူး ၊ ကျွန်တော်တို့ ရှေ့လာမယ့် ပွဲတွေကို ဆက်လက် အာရုံစိုက် ရပါဦးမယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM