ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရန်းနစ် ချဲလ်ဆီး နည်းပြ ရာထူးကို ငြင်းပယ်ခဲ့ခြင်း အပေါ် တုန့်ပြန် ပြောဆိုလာတဲ့ တူချယ်

လက်ရှိ ချဲလ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ်ရဲ့ ဆရာအရင်း တဦး ဖြစ်တဲ့ ဂျာမန် ဝါရင့် နည်းပြ ရပ်လ်ဖ် ရန်းနစ် ဟာ မနေ့ကပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တရားဝင် ယာယီ နည်းပြသစ် ဖြစ်လာခဲ့ပြီး ၊ ဒီရာသီကုန် အထိ တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ် ။

ရန်းနစ် ဟာ မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို လက်မခံရသေးမီ ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မှာ ချဲလ်ဆီး အသင်းမှ ယာယီ နည်းပြ ရာထူး ကမ်းလှမ်းမှု ကို ရရှိခဲ့တယ်လို့ သိရပါတယ် ။ ထိုမတိုင်ခင် ဇန်နဝါရီလ ကုန်ခါနီးမှာ ချဲလ်ဆီး ဟာ တူချယ် ကို ၁၈လ စာချုပ်နဲ့ နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်ထားပြီး ဖြစ်ပါတယ် ။

 

 

သို့ပေမယ့် မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှ ရန်းနစ်ရဲ့ အဆိုအရ ချဲလ်ဆီး ဟာ ၎င်းကို ဖေဖော်ဝါရီလမှာ ၄လ စာချုပ်နဲ့ ယာယီ နည်းပြ ရာထူးကို ကမ်းလှမ်းလာခဲ့သေးကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ၊ ၎င်းဟာ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို သဘောမကျတဲ့ အတွက် ငြင်းဆန် ပယ်ချခဲ့တယ်လို့လည်း ထပ်ဆောင်း မှတ်ချက်ပြုခဲ့ပါသေးတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး တုန့်ပြန်တဲ့ အနေနဲ့ တူချယ် က ရှေ့ဆင် နောက်ဆင့် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ” ဒါဟာ ကျွန်တော် ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ ဝုလ်ဗ်နဲ့ ဂိုးမရှိ သရေပွဲ အပြီး ဖြစ်ကောင်းဖြစ်မှာပါ ။ အဲဒီပွဲ အပြီး ဘုတ်အဖွဲ့ဝင်တွေက ‘ သူ ဘာတွေလုပ်နေလဲ ဆိုတာ သူ ကိုယ်တိုင်တောင် မသိဘူး ၊ ဒီတော့ ငါတို့ ရပ်လ်ဖ် ကို ၄လလောက် ယာယီ နည်းပြ လာလုပ်ဖို့ ကမ်းလှမ်းကြရအောင် ‘ ဆိုပြီး တွေးခဲ့ကြဟန် တူပါတယ် ။ ”

” ဒါပေမယ့် ရပ်လ်ဖ် ကိုယ်တိုင်ကလည်း ချဲလ်ဆီးဖက်က ကမ်းလှမ်းမှု ကို ရခဲ့တဲ့ ရက်ကို မေ့နေတာပဲ ဖြစ်ရမယ်လို့ မျှော်လင့်ပါတယ် ။ ဒီလိုမှ မဟုတ်ရင် ၊ ချဲလ်ဆီး နည်းပြ ရာထူး ဆိုတာ ခင်ဗျား အနေနဲ့ လက်တွေ့ဆန်ဆန် ပြောရရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ် တခု ဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ငြင်းဆန်ဖို့ မလွယ်ပါဘူး ။ ”

” ဒီတော့ ခင်ဗျားသာ ချဲလ်ဆီး အသင်းရဲ့ နည်းပြသစ် ရာထူး အတွက် ဖုန်းခေါ် ကမ်းလှမ်းခံရပြီ ဆိုရင် ၊ ခင်ဗျား တယောက်တည်းကို သူတို့က ဆက်သွယ်ထားတာ မဟုတ်ဘူး ဆိုတာ သတိထားမိရပါမယ် ။ အခုတော့ ဒီ အသင်းကို ကိုင်တွယ်ခွင့် ရတဲ့ အတွက် ၊ ကျွန်တော် အရမ်း ပျော်ရွှင် ကျေနပ်နေပါတယ် ။ ” လို့ ဖြေကြားခဲ့ပါတယ် ။

ရန်းနစ် ဟာ ဒီရာသီ အကုန်မှာ ရလဒ်နဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ပြီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ နောက်ထပ် ၂နှစ် သက်တမ်းတိုးခွင့် ကို စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုထားပြီး ဖြစ်ပါတယ် ။ မနက်ဖြန်ညမှာ ကစားမယ့် ခရစ်စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၎င်းရဲ့ မန်ယူနိုက်တက် နည်းပြ ဘဝ ပထမဆုံးပွဲလည်း ဖြစ်လာဖို့ ရှိနေပါတယ် ။

တူချယ်ကတော့ ပရီးမီးယားလိဂ်သို့ ပထမဆုံး အခြေလာချတဲ့ ဆရာအရင်း ရန်းနစ် အတွက် ဘာ အကြံဉာဏ်မှ ပေးနေစရာ မလိုကြောင်းကို ” ကျွန်တော် သူနဲ့ စကားမပြောရသေးပါဘူး ။ စကားပြောခွင့် ကြုံလာရင်တော့ သူ့ကို ကျွန်တော် ဂုဏ်ပြုစကား ပြောသွားလိုပါတယ် ။ ဒါပေမယ့် အကြံဉာဏ် ပေးဖို့တော့ မဟုတ်ပါဘူး ။ ”

” ဘယ်သူမှ ကျွန်တော့ဆီက အကြံဉာဏ်ပေးတာမျိုး မလိုအပ်ပါဘူး ။ ကျွန်တော် ဟာ ကိုယ့်အသင်း လမ်းကြောင်းမှန်ပေါ်မှာ ဆက်ရှိနေစေဖို့ လုံလောက်တဲ့ လမ်းညွှန်မှုတွေ လုပ်နိုင်ပါတယ် ။ အခြေအနေတိုင်း ဟာ မတူညီကြပါဘူး ။ ရပ်လ်ဖ် ဟာ သူ့နည်းသူ့ဟန်နဲ့ မန်ယူနိုက်တက် ကို ကိုင်တွယ်မှာပါ ။ သူဟာ အသင်းကြီး တသင်းမှာလည်း အခြေချ ရပ်တည်နိုင်တယ် ဆိုတာကို သက်သေပြနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR