ပြင်သစ် မှာ မက်ဆီ ရုန်းကန် နေရတဲ့ အကြောင်းအရင်းကို ထုတ်ဖော် ပြောပြလိုက်တဲ့ သီယာရီ အွန်နရီ

အာဆင်နယ် ၊ ဘာစီလိုနာ ၊ မိုနာကို ၊ ယူဗင်တပ် နဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီ က လီယွန်နယ် မက်ဆီ ဟာ ဘာကြောင့် အသင်းသစ် PSG နဲ့ ပြင်သစ်လိဂ် မှာ အသားမကျ သေးဘဲ ရုန်းကန် နေရသေးတာလဲ ဆိုတာ ကို ရှင်းပြ ပြောဆို သွားခဲ့ ပါတယ် ။

နွေရာသီ တုန်းက ဘာစီလိုနာ ကနေ PSG ကို ရောက်ရှိ လာခဲ့တဲ့ မက်ဆီ ဟာ ချန်ပီယံလိဂ် မှာ ၅ ဂိုး အထိ သွင်းယူ ထားနိုင်ခဲ့ ပေမယ့် ပြင်သစ် လိဂ် မှာတော့ အခုချိန်ထိ ဂိုးမသွင်း နိုင်သေးဘဲ ဖြစ်နေခဲ့ ပါတယ် ။

မကြာသေးခင် ကမှ ရွှေဘောလုံး ၇ ဆုရှင် ဖြစ်လာ ခဲ့တဲ့ မက်ဆီ နဲ့ သူ့ရဲ့ မိသားစုတို့ ဟာ ပြင်သစ် က လူနေမှု ပတ်ဝန်းကျင် နဲ့ အသားကျအောင် မနေထိုင် နိုင်သေးဘဲ အခက်အခဲတွေ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

မက်ဆီ ဟာ လူငယ် ဘ၀ တည်းက နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ဘာစီလိုနာ ကနေ စွန့်ခွာရမှု ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေ ခဲ့ပြီး နေရာသစ် မှာ စိတ်ပါ လက်ပါ နေထိုင် နိုင်ဖို့ ခက်ခဲ စေခဲ့တယ်လို့ အွန်နရီ က သုံးသပ်ခဲ့ ပါတယ် ။

အွန်နရီ ကတော့ ဒါဟာ အသင်းသစ် ပြောင်းတဲ့ ကစားသမားတိုင်း လိုလို ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အရာ တခု ဖြစ်တယ်လို့ ပြောဆို ခဲ့ပြီး မက်ဆီ အနေနဲ့ မကြာခင် မှာဘဲ အသင်းသစ် ၊ နယ်မြေသစ်မှာ အဆင်ပြေ အသားကျ သွားလိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ငယ်ငယ်လေး ထဲက နေလာရတဲ့ နေရာ တခုမှာ အကြာကြီး နေလာခဲ့တဲ့ သူတယောက် ၊ ပြီးတော့ ဒီကနေ ( ဘာစီလိုနာ ) ထွက်ဖို့ စိတ်ကူး မရှိတဲ့ သူ တယောက် အတွက်တော့ နေရာသစ် တခုကို ရောက်လာတာဟာ တကယ့်ကို ခက်ခဲတဲ့ အခြေအနေ ပါပဲ ။

မက်ဆီ မှာ စိတ်ခံစားချက်တွေ အများကြီး ရှိနေခဲ့မှာ သေချာပါတယ် ။

ဒါကြောင့်သူ ပြင်သစ်မှာ မပျော်နိုင် သေးတာပါ”

“ဘာစီလိုနာ ကို နှုတ်ဆက်တဲ့ နေ့တုန်းက သူ ငိုနေတာကို အားလုံး မြင်ကြရမှာပါ ။

သူ တကယ် မထွက်ချင်ခဲ့တာ အသိသာကြီးပါပဲ ၊ ဒါကြောင့် အရင်က ကိစ္စတွေ ကို မေ့ပစ်ပြီး နေရာသစ်မှာ အသားကျဖို့ ဆိုတာ အခြားသူတွေ ( ပုံမှန် အသင်းပြောင်းသူတွေ ) ထက် ပိုပြီး အချိန်ပေးဖို့ လိုအပ် မှာပါ ။

ဒါပေမယ့် သူ အချိန် ကြာလာတာနဲ့ အမျှ အဆင်ပြေလာမယ်လို့ ကျွန်တော် ယုံပါတယ်” လို့ အွန်နရီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး အွန်နရီ က မက်ဆီ PSG ကို ပြောင်းရွှေ့ပြီး နေမာ ၊ ဘာပေ ၊ ဒီမာရီယာ ၊ ဒွန်နာရမ်မာ ၊ ရာမိုစ့် တို့လို စူပါ စတားတွေ နဲ့ ကစားရမှု ကို သူ့ရဲ့ အာဆင်နယ် ကနေ ဘာစီလိုနာ ကို ပြောင်းရွှေ့စဉ် က အတွေ့ အကြုံ နဲ့ ချိန်ထိုးပြီးလည်း သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

“မက်ဆီ ရဲ့ ဖြစ်ပုံက ကျွန်တော် အာဆင်နယ် ကနေ ဘာစီလိုနာ ကို ပြောင်းစတုန်းက လိုမျိုးပါ ။

ကစားသမား ကောင်းတွေ ရှိတဲ့ အသင်းကြီး တသင်း ၊ တကယ် ကောင်းတဲ့ မြို့ကြီး တမြို့ ကို ရောက်စမှာတော့ ကျွန်တော်လည်း အသားကျအောင် အတော်လေး လုပ်ယူ ခဲ့ရပါတယ် ။

နောက်တော့လည်း အဆင်ပြေ သွားတာပါပဲ” လို့ သီယာရီ အွန်နရီ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR