ပေါ့ဂ်ဘာနဲ့ စကားပြောခဲ့ပြီဖြစ်ကြောင်း ၊ ဘယ်တော့ ပြန်ကစားပေးနိုင်မလဲဆိုတာ ဖွင့်ဟလိုက်တဲ့ ရဲ့လ်ဖ် ရန်းဂနစ်

မန်ချက်စတာ နောဝှစ်ချ် အသင်းနဲ့ ကစားရမဲ့ ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ဒဏ်ရာရနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ နဲ့ စကားပြောခဲ့ပြီးပြီ ဖြစ်ကြောင်း ၊ သူဟာ 4 ပါတ်လောက် ထပ်မံ အနားယူဖို့ လိုအပ်နေသေးကြောင်း ဖွင့်ဟခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာဟာ နိုဝင်ဘာလ 2 ရက်နေ့တုန်းက ပေါင်ကြွက်သား ဒဏ်ရာ ရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်ဖို့ အချိန် စုစုပေါင်း 8 ပါတ်လောက် အနားယူရလိမ့်မယ်လို့ သတင်းထွက်ခဲ့ပါသေးတယ် ။

ထို့အတူ သူဟာ ပြီးခဲ့တဲ့လထဲက ဒူဘိုင်းမြေကို ရောက်ရှိခဲ့ပြီး ဒဏ်ရာ ပြန်လည် သက်သာကောင်းမွန်စေဖို့ လေ့ကျင့်ရေးတွေကို လုပ်ဆောင်နေခဲ့ပါသေးတယ် ။ သူဟာ အခုထိ ဒူဘိုင်းမြေမှာပဲ ရှိနေသေးပြီး နည်းပြသစ် ရန်းဂနစ် နဲ့ တွေ့ဆုံနိုင်ခြင်း မရှိခဲ့သေးပါဘူး ။

ဒီတစ်ပါတ်မှာတော့ ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန်လာဖို့ ရှိနေခဲ့ပြီလို့ သိရပါတယ် ။ အဲ့တာပြီးရင်တော့ သူဟာ အချိန် လေးပါတ်လောက် ထပ်မံ အနားယူ အားမွေးရင်း ပြန်လည် ကြံ့ခိုင်ဖို့ လေ့ကျင့်ရေးတွေ လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက်နည်းပြ ရန်းဂနစ်က သူဟာ ပေါ့ဂ်ဘာနဲ့ ဖုန်းပြောဖြစ်ခဲ့သေးကြောင်း ၊ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာ အတိမ်အနက်အရ နောက်ထပ် လေးပါတ်လောက် အနား ယူရလိမ့်မယ်လို့ ထင်နေကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့လိုက်ပါတယ် ။

” အင်္ဂါနေ့က ကျွန်တော်တို့တွေ ဖုန်းနဲ့ ဆက်သွယ်ခဲ့ကြပါသေးတယ် ။ သူဟာ ဒူဘိုင်းမှာပဲ ရှိနေသေးဆဲပါ ။ ဒီနေ့မှာတော့ ပြန်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ် ။ အဲ့တာပြီးရင်တော့ တနင်္ဂနွေနေ့လောက်မှာ ကျွန်တော်တို့ လူချင်းတွေ့ပြီး တစ်ဦးအကြောင်းတစ်ဦး ပိုသိနိုင်မှာပါ ”

” ကျွန်တော်တို့ ဖုန်းပြောဖြစ်ခဲ့ကြတာပါ ။ သူကတော့ ပိုကောင်းလာပြီလို့ ပြောပါတယ် ။ ဒါပေမဲ့ အပြည့်အဝကြီးတော့ မကြံ့ခိုင်သေးပါဘူး ။ သူ အသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်ဖို့ အချိန်နှစ်ပါတ်လောက် လိုသေးတယ်လို့ ကြားသိခဲ့ရပါတယ် ”

” သူဟာ အသင်းနဲ့တော့ အလှမ်းဝေးနေဦးမှာပါ ။ အဲ့တာပြီးရင်တော့ အသင်းနဲ့ လေ့ကျင့်ဖို့ ၊ ပွဲစဉ်အတွက် အသင့်ဖြစ်နေဖို့ သူဟာ အချိန် နှစ်ပါတ်လောက်တော့ ကြိုးစားရပါလိမ့်ဦးမယ် ။ အခုအတွက်တော့ သူ့ အနေနဲ့ အသင်းနဲ့ လေ့ကျင့်နိုင်ရေးအတွက် ကြံ့ခိုင်အောင် အရင်ဆုံး လုပ်ရပါ့မယ် ”

” အဲ့တာပြီးရင်း ကျွန်တော်တို့ဟာ သူ့ကို ပရီးမီးယားလိဂ်မှာ အံဝင်စေနိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ၊ နည်းစနစ်ပိုင်းဆိုင်ရာ ပိုမို တိုးတက်လာအောင် ဝိုင်းဝန်း လုပ်ဆောင်ပေးရဦးမှာပါ ” လို့ ရန်းဂနစ် က ပေါ့ဂ်ဘာ အကြောင်းကို ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar