ပေါင် ၁၅ သန်းတန် ကစားသမားကို လာမည့်ဇန်နဝါရီမှာ အန်ဖီးကနေ ထွက်ခွာရန် တိုက်တွန်းလိုက်တဲ့ ဂျွန်ဘန်း

အန်ဖီး ဂန္တ၀င် ဂျွန်ဘန်းက နောက်ခံလူ နက်ဖီးလစ် အနေနဲ့ ပုံမှန် ပွဲကစားခွင့်တွေ ရရှိနိုင်ဖို့ အတွက် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ လီဗာပူး ကနေ ထွက်ခွာရန် ထောက်ခံသွားခဲ့ပါတယ်။ ဘော်တန်ဖွား နောက်ခံလူ ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးရဲ့ စီနီယာ ဗဟိုနောက်ခံလူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက် ဂိုးမက်ဇ် နဲ့ မာတစ် တို့ ကာလရှည် ဒဏ်ရာရနေချိန်မှာ ယာဂန်ကလော့ရဲ့ ခံစစ်ကြောင်းမှာ အကောင်းဆုံး ကစားပေးခဲ့ပြီး ရာသီကုန်မှာ လီဗာပူးကို အဆင့် ၃ နေရာ ရအောင် အဓိက ကူညီပေးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စီနီယာ ဗဟိုနောက်ခံလူ ၃ ဦး ကြံ့ခိုင်မှု ပြန်လည် ပြည့်၀လာခဲ့တဲ့ အပြင် ကိုနာတေးကိုပါ နွေရာသီ အပြောင်းအရွေ့က အားဖြည့်ခဲ့တာကြောင့် ဖီးလစ်ဟာ fifth choice ဖြစ်သွားခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ၃ ပွဲသာ ကစားခွင့် ရထားခဲ့ပါတယ်။ လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းကတော့ ဖီးလစ် အနေနဲ့ လာမည့်လမှာ လီဗာပူးကနေ ထွက်ခွာတာဟာ မှန်ကန်ပြီး အသင့်တော်ဆုံး အချိန် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဘန်းက “အကယ်၍ နက်ဖီးလစ် အနေနဲ့ ပထမ အသင်းမှာ ပုံမှန် ကစားခွင့်ကို အလို ရှိတယ် ဆိုရင်တော့ ဒါဟာ လီဗာပူး ပြင်ပ ကလပ် တစ်ခုခုမှာပဲ ဖြစ်နိုင်မှာပါ။ သူဟာ အန်ဖီးမှာ ဗာဂျယ်ဗန်ဒိုက် ဂျိုးဂိုးမက်ဇ် ဂျိုရယ်မာတစ် နဲ့ ကိုနာတေး တို့ကို ကျော်ကာ ပွဲထွက်ခွင့် ရမှာ မဟုတ်ပါဘူး။ သူဟာ ငယ်ရွယ်တော့တဲ့ ကစားသမား မဟုတ်တော့ပါဘူး။ အခြား အသင်း တစ်သင်းမှာ ပုံမှန် ပွဲကစားခွင့် ရသွားချင်သလား ဆိုတာကို သူပဲ ဆုံးဖြတ်ချက် ချသွားရမှာပါ။

ဒါမျိုးဟာ များသောအားဖြင့် ကစားသမား တစ်ဦးချင်း အပေါ်မှာပဲ မူတည်ပါတယ်။ တစ်ချို့ ကစားသမားတွေဟာ အသင်းကြီး တစ်သင်းရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် လိုအပ်တဲ့ အချိန်မှ ကစားခွင့် ရတာကိုပဲ ကျေနပ်နေကြပြီး တစ်ချို့ကတော့ level တစ်ခုကို ဆင်းကာ ပုံမှန် ပွဲကစားခွင့်ကို ရှာဖွေကြပါတယ်။ ကျွန်တော် နောက်ဆုံး ပြောခဲ့တဲ့ အရာကို သူရွေးချယ်ခဲ့မယ် ဆိုရင် ကျွန်တော် နက်ဖီးလစ်ကို အပြည့်အ၀ လေးစားမိမှာပါ။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူး အသင်းဟာ လာမည့် ၂၀၂၅ ခုနှစ်မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် နက်ဖီးလစ် အတွက် ပေါင် ၁၅ သန်း စျေးသတ်မှတ်ထားပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံလူ ကိုယ်တိုင်ကလည်း အန်ဖီးမှာ အခွင့်အရေး နည်းပါးနေတာကြောင့် ဇန်နဝါရီမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု တစ်ခုခု ရခဲ့မယ် ဆိုရင် လက်ခံစဉ်းစားသွားမှာ ဖြစ်တယ်လို့ ပွင့်လင်းစွာ ၀န်ခံထားခဲ့ပြီး လီဗာပူးဘက်ကလည်း သင့်တော်တဲ့ စျေးသာ ဖြစ်မယ်ဆိုရင် ၎င်းကို ရောင်းချသွားဖို့ အသင့် ဖြစ်နေပါတယ်။

ဖီးလစ်ဟာ အေစီမီလန်ကို ဆန်စီယိုမှာ နိုင်ခဲ့တဲ့ ပွဲစဉ်တုန်းက ရရှိခဲ့တဲ့ မေးရိုးကျိုးဒဏ်ရာကြောင့် လက်ရှိမှာ recover လုပ်နေရပြီး ဇန်နဝါရီလလယ်လောက်မှ ပြန်ကစားနိုင်မှာ ဖြစ်ပေမယ့် ဒါဟာ ၎င်းရဲ့ အပြောင်းအရွေ့ကို ထိခိုက်ဖို့တော့ မရှိပါဘူး။ The Athletic ရဲ့ ဖော်ပြချက်အရ ဇန်နဝါရီမှာ ခံစစ်ပိုင်း အားဖြည့်သွားဖို့ ပြင်ဆင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တစ်ချို့ဟာ ဖီးလစ်ကို စိတ်၀င်စားနေတယ်လို့ သိရပြီး ဒီထဲမှာ ၀က်ဟမ်း နဲ့ နယူးကာဆယ်က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အန်ဖီး တာ၀န်ရှိသူတွေကလည်း ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ကလော့ရဲ့ လက်အောက်မှာ ခြေစွမ်းပိုင်း တအား တိုးတက်လာခဲ့တဲ့ ဖီးလစ်အတွက် ပေါင် ၁၅ သန်း ဆိုတဲ့ ပမာဏဟာ မှန်ကန်သင့်တော်တယ်လို့ ယုံကြည်ထားပြီး ဘန်လေဟာ ပြီးခဲ့တဲ့ နွေရာသီက နေသမန်ကောလင်း အတွက် ပေါင် ၁၅ သန်း + add-ons ပေးချေခဲ့တဲ့ အပေါ် ပြန်လည် ထောက်ပြနေကြပါတယ်။

ဖီးလစ်ရဲ့ အားကောင်းလှတဲ့ အရည်အသွေးကတော့ အမြင့်ဘော စွမ်းရည်ပဲ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေမှာလည်း အမြဲလိုလို အသာရလေ့ ရှိပါတယ်။ ဒါ့အပြင် ဖီးလစ်ဟာ ဘောလုံးပေးပို့မှု စွမ်းရည် နဲ့ ပွဲကို ဖတ်ရှုတဲ့ နေရာတွေမှာ များစွာ တိုးတက်လာခဲ့ပြီး ၎င်းရဲ့ ကောင်းမွန်တဲ့ စ်ိတ်နေသဘောထား နဲ့ ပရော်ဖက်ရှင်နယ်ကျမှုကြောင့် အ၀တ်လဲခန်း အတွင်းမှာ ပေါ်ပြူလာ ဖြစ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

SM