ပီအက်စ်ဂျီ အသင်းသား အားလုံး လက်ခံထားကြတဲ့ အသင်းရဲ့ နံပါတ်တစ် ကစားသမားက ဘယ်သူလဲ ဆိုတာ ပြောပြလိုက်တဲ့ ဟာရဲရား

ပီအက်စ်ဂျီ အသင်းရဲ့ အဓိက ကစားသမားဟာ ဘာပေး လား မက်ဆီ လား မေးခွန်းထုတ်မှုတွေ ရှိနေတဲ့ အပေါ် အန်ဒါ ဟာရဲရား ကတော့ သူတို့ အသင်းရဲ့ နံပါတ်တစ် ကစားသမားဟာ လီယွန်နယ် မက်ဆီ သာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဆီ ဟာ ဒီနွေရာသီမှာ ဘာစီလိုနာ အသင်းကနေ ပြင်သစ် လီဂူး ကလပ် ပီအက်စ်ဂျီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ သွားခဲ့သူ ဖြစ်ပါတယ် ။

အာဂျင်တီးနား ကပ္ပတိန် မက်ဆီ ဟာ ဒီရာသီ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားပြီး ၆ ဂိုးသွင်း ၊ ၄ ဂိုးဖန်တီး ပေးထားကာ သူ့ရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဖြစ်ပါတယ် ။

ဒါပေမယ့် မက်ဆီ ဟာ ပြင်သစ် လီဂူး ၁ ပြိုင်ပွဲမှာတော့ အကောင်းဆုံး ပုံစံ ရရှိခြင်း မရှိသေးပါဘူး ။ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ပီအက်စ်ဂျီ အသင်းအတွက် အဓိက ခြေစွမ်းပြနေသူကတော့ ဘာပေး ဖြစ်ပြီး ပြင်သစ်သားဟာ ဒီရာသီ ၁၃ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီး ပေးထားပါတယ် ။

ဘာပေး ဟာ ဒီရာသီ မက်ဆီ ထက် ပိုကောင်းမွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင် ထားပေမယ့် ပီအက်စ်ဂျီ အသင်းသား အားလုံးကတော့ ဘောလွန်းဒီအော် ၇ ဆုရှင် အာဂျင်သားကို နံပါတ်တစ် ကစားသမား အဖြစ် သတ်မှတ် လက်ခံထားကြောင်း ဟာရဲရား က Mundo Deportivo မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကိုင်လီယန် က လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်လာမယ့်သူပါ ၊ ဒါပေမယ့် ကျွန်တော်တို့ အားလုံး လက်ခံ သဘောတူထားကြတာတော့ လီယို(မက်ဆီ) သာလျှင် နံပါတ်တစ် ဖြစ်တယ် ဆိုတာပါ ။ ”

” အမ်ဘာပေး ကလည်း တကယ့်ကို အင်မတန် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ တတ်သူပါ ၊ လီယို ဆီကလည်း သင်ကြားဖို့ အမြဲ စိတ်အားထက်သန် နေတတ်သူ ဖြစ်ပါတယ် ။ ”

 

” မက်ဆီကတော့ ပြင်သစ် ဖြစ်ဖြစ် စပိန်မှာ ဖြစ်ဖြစ် ဂျပန်မှာ ဖြစ်ဖြစ် တစ်သမတ်တည်း ကစားနိုင်စွမ်း ရှိသူပါ ။ ဘော်လွန်းဒီအော်ဆု ၇ ကြိမ် ရပြီးတာတောင် ခုမှ စကစားတဲ့သူလို စိတ်အားထက်သန်မှု အပြည့်နဲ့ လေ့ကျင့် ကစား နေတုန်းပါပဲ ၊ လေ့ကျင့်ရေး အစီအစဉ်တိုင်းကို ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောမထားပါဘူး ။ ”

” မက်ဆီ ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းကို မန်ချက်စတာ စီးတီး အသင်း နဲ့ ပွဲမှာ မြင်တွေ့ ခဲ့ရပြီးပါပြီ ။ ဒါပေမယ့် သူ့ကို ဝန်းရံ ကစားတဲ့သူတွေ အားလုံးမှာလည်း တာဝန် ရှိပါတယ် ၊ သူအကောင်းဆုံး ပုံစံ ရရှိဖို့ ကျွန်တော်တို့ ပံ့ပိုး ပေးရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM