ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဖြေထုတ်ဖို့ စောလွန်းနေပါသေးတယ်လို့ ဂွာဒီယိုလာ ပြောဆို

မန်ချက်စတာ စီးတီး အနေနဲ့ အဆင့် ၁ နေရာကနေ ချဲလ်ဆီး ၊ လီဗာပူး တို့ကို အမှတ်ဖြတ်ကာ ဦးဆောင် နိုင်ခဲ့ ပေမယ့် ရာသီဝက်သာ ရှိသေးတာကြောင့် ချန်ပီယံဆု အတွက် အဖြေထုတ်ဖို့ စောလွန်း နေပါသေးတယ် လို့ စီးတီး နည်းပြ ပက် ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ မနေ့ညက ဘရန့်ဖိုဒ် အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရခဲ့ပြီး အဆင့် ၁ နေရာက နေ ၂၀၂၁ ကို နှုတ်ဆက် သွားနိုင် ခဲ့ ပါတယ် ။

စီးတီး အတွက် ဖိုဒန် က တလုံးတည်းသော ဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ဒါဟာ စီးတီး ကို အမှတ်ပေးပွဲ ၁၀ ပွဲ ဆက်တိုက် အနိုင် ရရှိ စေခဲ့ ပါတယ် ။

ဒါတင် မကပါဘူး ၊ မန်စီးတီး ဟာ ဂွာဒီယိုလာ လက်အောက်မှာ လိဂ်ပွဲ ၁၀ ပွဲ ဆက်တိုက် ကို ၄ ကြိမ် တိတိ ရရှိ ထားပြီလည်း ဖြစ်ပါတယ် ။

စီးတီး ဟာ ဒီဇင်ဘာ ပွဲကြပ် ကာလ ကို ၁၀၀% အနိုင် ရလဒ်တွေနဲ့ အကောင်းဆုံး ဖြတ်သန်း နေချိန်မှာ စီးတီး ရဲ့ ဖလား လုဘက်တွေ ဖြစ်ကြတဲ့ ချဲလ်ဆီး နဲ့ လီဗာပူး တို့ကတော့ သရေ ပွဲတွေ ၊ ရှုံးပွဲတွေကြောင့် ရမှတ်တွေ ဆုံးရှုံးကာ ဂွာဒီယိုလာ ရဲ့ အသင်း နဲ့ အမှတ်ကွာဟမှု ပိုများ လာခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ် ၂၀ အပြီး ( ယနေ့ည တပွဲကျန် ) မှာတော့ စီးတီး ဟာ ဒုတိယ နေရာက အသင်းကို ၈ မှတ်အထိ ဖြတ်ထား လိုက်နိုင်ခဲ့ပါပြီ ။

ဒါပေမယ့် ဂွာဒီယိုလာ ကတော့ ပွဲပြီးသွားပြီလို့ မထင်ထားသေး ပါဘူး ။

“၅၄ မှတ်ဖိုး ကစားဖို့ ကျန်ပါသေးတယ် ။ ပွဲကြပ်တွေလည်း အများကြီး ရှိနေ သေးတာပါ ။ ၈ မှတ်ကွာနေပြီ ဆိုတဲ့ ထင်မြင်ယူဆချက် က သိပ်ပြီး လက်ခံလို့ မရပါဘူး ။

လက်စတာ နဲ့ ပွဲကိုပဲ ကြည့်ပါ ၊ မိနစ် ၃၀ လောက်ကတည်းက ၄-၀ နဲ့ နိုင်နေ ပေမယ့် မိနစ် ၂၀ အတွင်းမှာ ၄-၃ ပြန်ဖြစ် သွားခဲ့ ပါတယ်”

“ကျွန်တော်တို့ အသင်းအပေါ် အခုလို အကောင်းမြင်တဲ့ မှတ်ချက်တွေ ပေးကြတဲ့ အတွက် ဝမ်းသာ ကျေးဇူးတင် ပါတယ် ။ ဒါပေမယ့် ပြိုင်ပွဲ ပြီးသွားပြီ ဆိုတဲ့ စကားလုံးတွေ အပေါ် မှာတော့ ကျွန်တော် အယုံ အကြည် မရှိ သေးပါဘူး ။

ချဲလ်ဆီး ၊ လီဗာပူး တို့ဟာ သာမန် ထက် ပိုတဲ့ အသင်းတွေပါ ။ တသင်းက ဥရောပ ချန်ပီယံ ပါ ၊ လီဗာပူး ကတော့ လွန်ခဲ့တဲ့ ၃-၄ နှစ်မှာ ကျွန်တော်တို့ ရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့တဲ့ အသင်းပါ”

“အခုလို အနေအထားထိ ရောက်လာတာက သူတို့တွေ ( ချဲလ်ဆီး ၊ လီဗာပူး ) အမှတ်လျော့ကြလို့ ဆိုတာထက် ကျွန်တော်တို့ က ၁၀ ပွဲ ဆက်တိုက် အနိုင် ကစား နိုင်ခဲ့လို့လည်း ပါပါတယ် ။

ရစရာ အမှတ် ၃၀ မှာ ၃၀ လုံး ရအောင် ယူနိုင်တယ်ဆိုတာ တကယ်ကို ကောင်းတဲ့ ကိစ္စပါ ။

ဒါပေမယ့် ဆက်ကစားဖို့ ၅၄ မှတ်စာ ကျန်ပါ သေးတယ် ။

အခု လာမယ့် အာဆင်နယ် ၊ ချဲလ်ဆီး ၊ ဆောက်သမ်တန် တို့နဲ့ ပွဲတွေ အတွက်ပဲ ကျွန်တော့ ခေါင်းထဲမှာ ရှိနေ ပါတယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR